Wednesday, June 17, 2020

မုံရွာတွင် သတင်းအရ စိတ်ကြွဆေးပြားဝင်ဖမ်းရာမှ ငွေတုပြုလုပ်မှုပါ ထပ်မံပေါ်ပေါက်

မုံရွာမြို့မြဝတီရပ်ကွက်အတွင်း စိတ်ကြွဆေးပြားများဝင်ရောက်ဖမ်းဆီးရာမှ ငွေတုပြုလုပ်နေသည်များပါ ပေါ် ပေါက်ခဲ့ကြောင်း အမှတ် ၁၃ မှုခင်းရဲတပ်ဖွဲ့(မုံရွာ)မှ သိရသည်။
မြဝတီရပ်ကွက် နယ်မြေ ၁၉ သဓိပဌာန်လမ်းသွယ် ၂ တွင်နေထိုင်သည့် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး၏ နေအိမ်အား သတင်းအရ မုံရွာမူးယစ်တပ်ဖွဲ့စု၊ အမှတ် ၁၃ မှုခင်းရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့မှ ဇွန်လ ၁၆ ရက်က ပူးပေါင်းရှာဖွေခဲ့ကြောင်း သိရသည်။
၎င်းနေအိမ်အတွင်းမှ ၈၈/၁ စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၇၀ ပြားနှင့် ငွေတုပြုလုပ်ရာတွင်အသုံးပြုသည့် ကွန်ပျူတာ၊ ကာလာပရင်တာနှင့် မိတ္တူဆွဲပြီးပြီးသား တစ်သောင်းတန်နှင့် ငါးထောင်တန်ငွေတုအချို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း မှုခင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
"မူးယစ်ဆေးဝယ်တဲ့နေရာမှာသုံးဖို့လုပ်တဲ့သဘောပါ။ အဆင့်အတန်းရှိရှိလုပ်တာ မဟုတ်ပါဘူး။ မိတ္တူထုတ်ထားတဲ့စာရွက်ကိုတောင် ကောင်းကောင်းမဖြတ်တတ်သေးပါဘူး" ဟု မှုခင်းရဲတပ်ဖွဲ့(CID)မှ အရာရှိတစ်ဦးက ပြောသည်။
မှုခင်းရဲတပ်ဖွဲ့မှ ငွေတုထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆက်လက်‌စစ်ဆေးရာ မုံရွာမြို့နန္ဒဝန်ရပ်ကွက်ရှိ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးအား ငွေတုပြုလုပ်သည့် လက်တော့ကွန်ပျူတာတစ်လုံးနှင့်အတူ ဇွန် ၁၆ ရက်ညပိုင်းက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။
အဆိုပါ အမျိုးသမီးနှစ်ဦးအား တရားဥပဒေအရအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Crd : Top Phoenix Media

0 comments:

Post a Comment