Monday, June 15, 2020

အိန္ဒိယနိုင်ငံမှာပိတ်မိနေတဲ့ လူဦးရေ ၁၀၀ ကျော်ကို ကျီခါးမြို့နယ်စပ်မှ ပြန်ဝင်လာရန် ရှိနေ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာ ပိတ်မိနေတဲ့မြန်မာနိုင်ငံသား လူဦးရေ ၁၀၀ ကျော်ကို ကျီခါးမြို့မှာရှိတဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကနေ ပြန်လည်ဝင် ‌ရောက်လာဖို့ရှိနေတယ်လို့ ကျီခါးမြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် က ပြောပါတယ်။
"ဟိုဖက်မှာလည်း အကုန်လုံး အဆင့်ဆင့် စစ်ဆေးနေပါတယ်။ ဒီဖက်ကလည်းနယ်စပ်ဂိတ်မှာ စစ်ဆေးဖို့ စီစဉ်နေပါတယ်။သက်ဆိုင်ရာ ကျေးရွာအလိုက်လဲအသွားအလာကန့်သတ် စောင့်ကြည့်ထားဖို့ နေရာတွေ စီစဉ်နေပါတယ်။ ဟိုဖက် နဲ့ ဒီဖက်တော့ ချိတ်ထားတယ်။ သူတို့ဖက်က စိတ်ချရပြီဆိုရင် လွှတ်မယ်လို့ ပြောတယ်။သူတို့ အိန္ဒိယနိုင်ငံဖက်မှာ အလုပ်သွားလုပ်နေတဲ့ သူတွေ ပါ"လို့ ဦးနေဇော်အောင်ကပြောပါတယ်။
ကျီခါးမြို့မှာ ပြင်ဆင်မှုအနေနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်၊ ခင်မန်းကျေးရွာမှာ နယ်စပ်စစ်ဆေးရေးဂိတ် ပြုလုပ်ခဲ့ပြီး ဇွန်လ ၁၄ရက်နေ့မှာ ပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ ကျီခါးမြို့ကို အဲ့ဒီလူတွေရောက်လာမယ်ဆိုရင် အသွားအလာကန့်သတ်ထားရှိဖို့ မြို့ရဲ့အားကစား ခန်းမကိုလည်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် က "ပြန်လာမယ့်ရက်ကိုတော့ အတိအကျမသိသေးဘူး။သတင်းရရင် ရသလိုတော့ စစ်ဆေးမှုတွေသွားလုပ်နေပါတယ်။ ကျီခါးမြို့ နဲ့ အိန္ဒိယနယ်စပ် အကြားမှာ ရွာနှစ်ရွာရှိသေးတယ်။ အဲ့ဒီရွာက လူတွေလဲ ပါချင်ပါလာနိုင်တယ်"လို့ ပြောပါတယ်။
ဒေသခံများဆီကနေ စုံစမ်းချက်အရ အဲ့ဒီ လူဦးရေ ၁၀၀ ကျော်က ကျီခါးမြို့ပေါ် နဲ့ အနီးအနားကျေးရွာတွေက ဖြစ်ပါတယ်။
သူတို့ဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ သွားရောက်ကာ ကြုံရာကျပမ်း အလုပ်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
ကျီခါးမြို့ဟာ ချင်းပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမှာတည်ရှိပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာလည်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်က ပြန်လည်ဝင်ရောက်လာမယ့် လူဦးရေ ၁၀၀ကျော်ကို လက်ခံနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment