Sunday, June 21, 2020

ထိုင်းတွင် မြန်မာမိန်းကလေးအား ခြိမ်းခြောက်ငွေတောင်း၍ သားမယားပြုကျင့်သည့် မြန်မာပွဲစားတစ်ဦးအား ဖမ်းမိ

ထိုင်းနိုင်ငံတွင် မြန်မာမိန်းကလေးတစ်ဦးအား အလုပ်ရှာပေးမည်ဟု လိမ်လည်ခေါ်ဆောင်၍ သားမယားပြုကျင့်သည့် မြန်မာပွဲစားတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ တာဝန်ခံ ကိုရဲမင်းက စံတော်ချိန်သို့ ပြောသည်။
"သားမယားပြုကျင့်ရုံတင်မကဘူး။ မိန်းကလေးရဲ့ မိဘတွေကိုပါ ဒုက္ခပေးတာပေါ့။ ဘန်ကောက်မြို့နားက နခွန်းပဒုံမှာဖြစ်တာပါ။ လောလောဆယ် ထိုင်းဘက်ကတော့ အလိုမတူပဲ သားမယားပြုကျင့်မှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ ဖမ်းဆီးချုပ်နှောင်ထားမှု ဒီလိုပုဒ်မ သုံးမျိုးနဲ့ အမှုဖွင့်ထားပါတယ်။ အနည်းဆုံး ထောင်အနှစ် (၂၀) လောက်ကျနိုင်တဲ့ ပုဒ်မတွေပါ။ ထိုင်းဘက်ကတော့ အမျိုးသမီးကို ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးစစ်တာတွေ ဆောင်ရွက်မှာပါ။ အလုပ်သမားသံအရာရှိတွေကိုလည်း AAC အဖွဲ့က သတင်းပေးပို့ထားပါတယ်"ဟု ကိုရဲမင်းက ပြောသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သည့် အမျိုးသားသည် လူမှုကွန်ရက်မှတဆင့် မြန်မာအမျိုးသမီးအား အလုပ်ရှာပေးမည်ဟု စည်းရုံးကာ ၎င်းနေထိုင်ရာ အိမ်ခန်း၌ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ဆက်လက်၍ အ မျိုးသမီး၏ မိဘများထံသို့ ဖုန်းဖြင့်ဆက်သွယ်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခဲ့ကြောင်း၊ ငွေကြေးရရှိပြီးနောက် အမျိုးသမီးအား ရိုက်နှက်ကာ အိမ်ခန်းမှ နှင်ထုတ်ခဲ့ကြောင်း AAC အဖွဲ့မှ သိရသည်။
အဆိုပါအမျိုးသားအား ဇွန် ၂၀ ရက် ညနေ ၆ နာရီခွဲခန့်တွင် ၎င်းနေထိုင်ရာ အိမ်ခန်းသို့ ထိုင်းရဲတပ်ဖွဲ့က စီး နင်းဝင်ရောက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
"ဒီလိုဖြစ်တာတွေက ထိုင်းဘက်မှာ တကယ်များပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရသလောက်ဆိုရင် ထိုင်းမှာ တစ်လကို လေးနေရာလောက်မှာ ဖြစ်နေတာပါ။ မြန်မာမိန်းကလေးတွေကို ပွဲစားက အလုပ်ရှာပေးမယ်ဆိုပြီး လိမ်ခေါ်တာပေါ့။ ပြီးတော့ တည်းခိုခန်းမှာ မုဒိန်းကျင့်လိုက်တာတို့ ဒီဖြစ်စဉ်တွေ အတော်များများ ဖြစ်နေတာပါ။ အလုပ်သမားရေး လုပ်ခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်တာ ကာလအတွင်းမှာဆိုရင် နစ်နာခဲ့တဲ့ မိန်းကလေးပေါင်း ရာကျော်အထိ တွေ့ခဲ့ဖူးပါတယ်"ဟု ကိုရဲမင်းက ပြောသည်။
ထိုင်းရောက် မြန်မာမိန်းကလေးများအနေဖြင့် မြန်မာသံရုံနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အပေါ် သတိပြုကြရန်နှင့် အွန်လိုင်းပေါ်မှ ပွဲစားများ၏ အယုံသွင်းမှုကို မယုံကြည်ကြရန်လိုကြောင်း ကိုရဲမင်းက သတိပေးပြောကြားသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်သည့် မြန်မာအလုပ်သမားများစွာရှိနေပြီး နေရပ်မပြန်လိုသည့် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း၌ပင် ဆက်လက်နေထိုင်၍ အလုပ်အကိုင်ရှာဖွေနေရကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားရေး ဆောင်ရွက်သူများထံမှ သိရသည်။
Ref ; The Standard Time Daily

0 comments:

Post a Comment