Friday, June 26, 2020

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံတွင်း ထင်ရှားကျော်ကြားသူများနှင့် အနုပညာရှင်များမှန်မှန်ကန်ကန် မျှမျှတတနေရန် ကြံခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ပြောကြား

လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲကာလတွင် ငွေရှင်ကြေးရှင် ခရိုနီများနှင့် ရုပ်ရှင်သရုပ်ဆောင်များ၊ Celebrity များ၊ စာရေးဆရာများအနေ ဖြင့် မှန်မှန်ကန်ကန် မျှမျှတတနေရန်ပြည်ခိုင်ဖြိုးပါတီမှ မင်းကင်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် က ဇွန် ၂၅ ရက်တွင်ပြောဆိုသည်။
ဇွန် ၂၅ ရက်က ရန်ကုန်မြို့ ရန်ကုန်-ဒလ သင်္ဘောဆိပ် အဝင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြုလုပ်သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက် ပွဲဖြစ်စေရေးအတွက် မင်းကင်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ တွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
"ထင်ရှားကျော်ကြားသူတွေပေါ့၊ အနုပညာရှင်တွေရှိမယ်၊ စာရေးဆရာ တွေရှိမယ်။ နယ်ပယ်အမျိုးမျိုးကရှိမယ်။ ဖြူဖြူထွေးလို ကလေးမလေးတွေလည်း ပါမယ်။ အမျိုးမျိုး ပေါ့ဗျာ။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကဆိုရင် ဘတ်စ်ကားကြီးနဲ့လှည့်ပြီးတော့ တကယ့်ကို ကဏ္ဍစုံ မှာ ကျွမ်းကျင်တဲ့လူတွေပဲဆိုပြီးတော့ ကိုလူမင်းတို့ ပြောသွားတဲ့ဟာတွေ ကျွန်တော်တို့ နားထောင်လိုက်ရတယ်။ တခြားနိုင်ငံတွေမှာတော့ သူတို့က မဲဆွယ်ခွင့် မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကျတော့ ဒါကို ကန့်သတ်မထားတဲ့အခါ မဲဆွယ်ခွင့်ပေးသလိုဖြစ်နေတယ်။ သို့သော်လည်း နိုင်ငံရဲ့အရေးကြီးတဲ့ ဒီမိုကရေစီကို သွားနေတဲ့ လမ်းကြောင်းမှာတော့ဖြင့် သူတို့ရဲ့ အခန်းကဏ္ဍဟာ ထိုက်သင့်သလောက် အရေးကြီးနေတယ်။ ဒါကြောင့်မို့လို့ မှန်မှန်ကန်ကန်မျှမျှတတနေဖို့အတွက် ကျွန်တော်က ဒီနေရာကနေပြီးတော့ သူတို့ကိုလည်း အသိပေးတင်ပြချင်ပါတယ်"ဟု ဦးမောင်မြင့်က ပြောဆိုသည်။
ထို့ပြင် ငွေရှင်ကြေးရှင် ခရိုနီများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မည် သည့် ဘက်မှမလိုက်ဘဲ ကြားမှာသာနေရန် ဦးမောင်မြင့်က ပြောဆိုသည်။
"ငွေရှင်ကြေးရှင်ခရိုနီတွေပေါ့။ ငွေရှင်ကြေးရှင် ခရိုနီဆိုတာ တစ်ယောက်တည်းလို့ ထင်ရပေမယ့် တကယ်တမ်းပြောရရင် သူတို့မှာ အားရှိတယ်လေ။ သူတို့နောက်မှာ သူတို့အလုပ်သမားတွေ အများကြီးရှိတယ်လေ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် သူတစ် ယောက်ပါလာပြီဆို သူ့နောက်မှာရှိနေတဲ့ လူအုပ်စုအများကြီးရှိတယ်။ သူ့မှာငွေရှိတော့ ငွေနဲ့ရင်းလိုက်လို့ရှိရင် ပါသွားမယ့်ဟာတွေ အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ တင်ပြချင် တာက ငွေရှင်ကြေးရှင် ခရိုနီတွေလည်း ရွေးကောက်ပွဲမှာ ဖြစ်နိုင်သမျှကြားမှာပဲနေပါ။ ကြားမှာမနေဘဲ သူတို့ပါချင်တဲ့ ပါတီတွေကနေပါလာတော့ အဲဒီလူတွေ ရပ်တည်ပေးခဲ့တဲ့ ပါတီတွေက နိုင်သွားပြီ။ နိုင်သွားတော့လည်း အခု နိုင်ငံကြီးကို ဘာတွေများ အကျိုး ပြုနိုင်ကြပြီလဲ။ အဲဒီခရိုနီတွေကိုယ်တိုင်ကရော ခင်ဗျားတို့ကို ဘာတွေများ ပြန်အကျိုး ပြုနိုင်ပြီလဲဆိုတာ ပြန်သုံးသပ်ကြဖို့လိုပြီ။ ငွေရှင်ကြေးရှင် ခရိုနီတွေလည်း ကြားမှာပဲ ရပ်ပေးပါ"ဟု ဦးမောင်မြင့်က ပြောဆိုသည်။
ထို့ပြင် ဦးမောင်မြင့်က သတင်းမီဒီယာများအား "လာမယ့် ၂၀၂၀ နိုဝင်ဘာမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ တော်တော်အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါတာက ခင်ဗျားတို့မီဒီယာတွေပဲ။ မီဒီယာတွေဟာ မီဒီယာပီသဖို့လိုတယ်။ မီဒီယာပီပီသသနဲ့ ပြည်သူကို သတင်းမှန်တွေ၊ အခြေအနေမှန်တွေ၊ အဖြစ်မှန်တွေ ဒါတွေကို ဖော်ဆောင် ပေးနိုင်မယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲက ပရိယာယ် ဖယ်ရအီလက်ရှင်ဘက်ကို ဦးတည်နိုင်ပါတယ်။ မီဒီယာတွေကပါ ဘက်လိုက်မယ်ဆိုရင် အများကြီး ပြဿနာရှိနိုင်ပါတယ်"ဟု ပြောဆိုသည်။
Live : လူထုမီဒီယာ

0 comments:

Post a Comment