Saturday, June 27, 2020

ရပ်တန့်နေသော ၂၁ ရာစု ပင်လုံညီလာခံကို လာမည့် သြဂုတ်လဒုတိယအပတ်တွင် ကျင်းပနိုင်ရေးအတွက် နှစ်ဖက် သဘောတူညီမှုရရှိထားကြောင်း ဦးဇော်ဌေးပြောကြား

စတုတ္ထုအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမည့်သြဂုတ်လ ဒုတိယအပတ်တွင် ကျင်းပပြုလုပ်နိုင်ရေးအတွက် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်သဘောတူညီမှုရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေး ကပြောသည်။
ဇွန်လ ၂၆ ရက်က နေပြည်တော်ရှိ ပြန်ကြား ရေး၀န်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့တဲ့ အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့မှုများနဲ့ စပ်လျဉ်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာများရဲ့ မေးမြန်းမှု အပေါ် ဦးဇော်ဌေးက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“သြဂုတ်လ ဒုတိယ အပတ်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ကျွန်တော်တို့ ကျင်းပဖို့ Timeline ကိုသဘောတူခဲ့ပါတယ်”ဟု ဦးဇော်ဌေးကပြောသည်။
လာမည့် ဇူလိုင်လ ၁ ရက် နေ့ မှ ၃ ရက်နေ့ အထိ မှာတော့ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဇူလိုင်လ တတိယ အပတ်ထဲတွင် နောက်တစ်ကြိမ် ထပ်မံတွေ့ ဆုံမှုများလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သြဂုတ်လ ပထမ အပတ်မှာတော့ JICM အကြို အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး UPDJC အတွင်းရေးမှူးအစည်းအဝေးကိုလည်း တစ်ဆက်တည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေး ကပြောသည်။
အစည်းအဝေးကို လက်ရှိ ဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင့် တက်ရောက်သူဦးရေများကိုလျော့ချပြီး သြဂုတ်လအတွင်း ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
၂၁ ရာစု ပင်လုံ အစည်းအဝေးကို တက်ရောက်သည့် ညီလာခံ ကိုယ်စားလှယ် စုစုပေါင်း အရေအတွက် သည် ၇၀၀ ဦး ရှိရာ အစိုးရ/ လွှတ်တော် မှ ၁၅၀ ဦး၊ တပ်မတော်မှ ၁၅၀ ဦး၊ EAO မှ ၁၅၀ ဦး၊ နိုင်ငံရေးပါတီ မှ ၁၅၀ ဦး အပြင် ပါ၀င်သင့် ပါ၀င်ထိုက် သူ ၅၀ ရှိပြီး တိုင်းရင်းသားကိုယ်စားလှယ် ၅၀ ဥိးတို့ တက်ရောက်ကြောင်း သိရသည်။
ထိုသို့ လူဦးရေ ၇၀၀ တက်ရောက်သည့် အတွက် ယခုနှစ်မှာတော့ COVID -19 ရောဂါဖြစ်ပွားမှုကြောင့် လူဦးရေ များကို လျော့ချမည်ဖြစ်ရာ အစိုးရနှင့် လွှတ်တော်မှ ၅၀ဦး၊ တပ်မတော်မှ ၅၀ ဦး၊ EAO က ၅၀ ဦး ၊နိုင်ငံရေးပါတီ ၅၀ဦး ၊ ပါ၀င်သင့် ပါ၀င်ထိုက်သည် ကိုယ်စားလှယ် ၁၅ ယောက်၊ တိုင်းရင်းသားကိုယ်စားလှယ် ၁၅ ယောက် တို့သါ တက်ရောက်ရမည်ဖြစ်ကြောင်းသိရသည်။
ပါ၀င်သင့် ၁၅ ဦးမှာမှ အစိုးရ ၊တပ်မတော် ၊လွှတ်တော် မှ ၅ ဦး၊ EAO မှ ၅ ဦး နှင့် နိုင်ငံရေးပါတီ ၅ ဦးတို့ဖြစ်ကြောင်း ဦးဇော်ဌေးကပြောသည်။
အစည်းအဝေးသို့ တက်ရောက်ရန် EAO ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ၅ ရက် ကြိုတင်ခေါ်ယူမည်ဖြစ်ကြောင်း ဦးဇော်ဌေး ကပြောသည်။
ယခု အကြိမ် ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ်မြောက်အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း ၃ တွင် ပါသည့် အချက်များကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၁ ရာစုပင်လုံ တတိယအကြိမ်မြောက် အစည်းအဝေးကိုတော့ ၂၀၁၈ ခုနှစ် ဇူလိုင်လက ကျင်းပပြုလုပ်ခဲ့ပြီး စတုတ္ထအကြိမ် မြောက်အစည်းအဝေးကိုတော့ လက်ရှိအချိန်အထိ ကျင်းပနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Crd : သတင်းစာရှင်းလင်းပွဲ #Myanmar_Online_News

0 comments:

Post a Comment