Sunday, June 21, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီများနှင့် ဇွန် ၂၇ ရက်တွင် တွေ့ဆုံမည်

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှု အများအပြားရှိပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် ရန်ကုန်မြို့၌တွေ့ဆုံရန်ဖိတ်ကြားထားကြောင်း ပါတီတာဝန်ရှိ သူများက ပြောသည်။
ကော်မရှင်သည် ယခုလ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ MELIA ဟိုတယ်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြား ထားပြီး ယင်းမတိုင်မီ တစ်ရက် (ဇွန်လ ၂၆ ရက်) တွင် အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံ ရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်းများဆိုင်ရာ ကျင့်ဝတ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပမည်ဖြစ်သည်။
အဆိုပါ ကျင့်ဝတ်လက်မှတ် ရေးထိုးပွဲအခမ်းအနား တက်ရောက်ရန်အတွက်လည်း နိုင်ငံရေးပါတီများ ကိုဖိတ်ကြားထားပြီး ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကိုယ်တိုင် တက်ရောက်ဖွယ်ရှိကြောင်း နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများဆိုင်ရာ ကျင့်ဝတ်ရေးဆွဲရာတွင် ပါဝင်ခဲ့သူ ကချင်အမျိုးသားကွန်ဂရက် ပါတီဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လက ပြောသည်။
ကော်မရှင်နှင့်တွေ့ဆုံပါက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း များနှင့်ပတ်သက်၍ အဓိကဆွေး နွေးမည်ဟု နိုင်ငံရေးပါတီအသီး သီးမှ တာဝန်ရှိသူများကပြော သည်။ သို့သော် ပါတီအားလုံး နှင့်တွေ့ဆုံခြင်းဖြစ်၍ ကော်မရှင် ၏ လုပ်ဆောင်ချက်များအပေါ် ထိရောက်စွာ မေးမြန်းဆွေးနွေးရန် အချိန်လုံလောက်ဖွယ်မရှိဟု ၎င်း က ဆိုသည်။
‘‘ပါတီ ၁၀၀ နီးပါးလောက် ဆိုတော့ ဆွေးနွေးမယ့်အကြောင်း အရာက တူချင်တူမယ်၊ တောင်း ဆိုချက်က မတူနိုင်ဘူး၊ တစ် ယောက်ကို တစ်မိနစ်၊ နှစ်မိနစ် လောက်ပြောရုံနဲ့ ပြဿနာက ပြေ လည်မှာမဟုတ်ဘူး’’ ဟု ဒေါက် တာအမ်ကောန်လက ဆိုသည်။
ကချင်အမျိုးသားကွန်ဂရက် ပါတီသည် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာငါးခုနှင့် ပတ် သက်၍ တွေ့ဆုံဆွေးနွေးလို ကြောင်း ကချင်ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်ထံ တောင်း ဆိုထားသည့်ပါတီဖြစ်သည်။ ထို့ အပြင် ပြည်ခိုင်ဖြိုးပါတီအပါအ ဝင် နိုင်ငံရေးပါတီ ၃၀ ကလည်း တွေ့ဆုံဆွေးနွေးလိုကြောင်း ယခု လအတွင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ စာပေးပို့ တောင်းဆိုထားသည်။
‘‘ကျွန်တော်တို့တောင်းဆိုတာလည်းပါမယ်၊ တိုက်ဆိုင်တာ လည်း ဖြစ်ရင်ဖြစ်မယ်၊ ခါတိုင်း COC (ကျင့်ဝတ်) ကိစ္စလုပ်ရင် ကျွန်တော်တို့နဲ့မတွေ့ဘူး၊ အခု ကတော့ COC လက်မှတ်ထိုးတာ လုပ်ရင်း နိုင်ငံရေးပါတီတွေနဲ့ တစ်ခါတည်း တွေ့လိုက်တဲ့သ ဘောဖြစ်မယ်’’ ဟု ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးရန် စာပေးပို့ရာ တွင်ပါဝင်သည့် ဖက်ဒရယ်ပြည် ထောင်စုပါတီ ဥက္ကဋ္ဌ ဦးစောသန်း မြင့်က မှတ်ချက်ပြုသည်။
ကော်မရှင်နှင့် တွေ့ဆုံရာ တွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား ကော်မရှင် အဖွဲ့ခွဲအဆင့် ဆင့်က သိရှိနား လည်မှု အားနည်းခြင်းနှင့်ပတ် သက်၍ ဆွေးနွေးမည်ဟု ၎င်းက ပြောသည်။ ပါတီအချို့ကမူ လာ မည့်အထွေထွေရွေးကောက်ပွဲကို ပုံမှန်ထက် နောက်ဆုတ်ကျင်းပ ပေးရေး တောင်းဆိုရန် ပြင်ဆင်နေ သည်။‘‘ရွေးကောက်ပွဲကို နိုဝင်ဘာ မှာကျင်းပရင် သိပ်အဆင်မပြေ ဘူး၊ ကျွန်တော်တို့မှာ ပြင်ဆင်ချိန် အရမ်းနည်းတယ်၊ ကိုဗစ်ကာလ ထဲဖြစ်နေတော့ မူလသတ်မှတ် ချိန်အတိုင်း ကျင်းပမယ်ဆိုရင် လုံးဝအဆင်မပြေဘူး၊ ကော်မရှင် အနေနဲ့ ပြန်စဉ်းစားသုံးသပ်ဖို့လိုလိမ့်မယ်၊ အဲဒီအခြေအနေကိုပဲ ဆွေးနွေးမှာ’’ ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေ စီပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောသည်။
၂၀၂၀ အထွေထွေရွေး ကောက်ပွဲမတိုင်မီ လွှတ်တော် သ ဘောတူညီချက်ဖြင့် ရွေးကောက် ပွဲနည်းဥပဒေများ ပြင်ဆင်ခဲ့ခြင်း၊ ကိုဗစ်ကပ်ရောဂါကာလဖြစ်၍ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် သင့်၊ မသင့် စသည့် အငြင်းပွား ဖွယ်အခြေအနေများနှင့် ပတ် သက်၍ ကော်မရှင်နှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း နိုင်ငံရေးပါ တီအများစုက ထုတ်ဖော်ပြော ကြားထားသည်။
ထို့အပြင် လက်ရှိကော်မရှင် သည် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးမှုအားနည်းကြောင်းယခင်ကော်မရှင် နှင့် နှိုင်းယှဉ်ေ၀ ဖန်မှုများလည်းရှိသည်။ ကော်မ ရှင်ကမူ အထက်ပါဝေဖန်မှုများကိုပယ်ချထားပြီး နိုင်ငံရေးပါတီ များအပါအဝင် ရွေးကောက်ပွဲဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများနှင့်လုံလောက်သည့် တွေ့ဆုံ ဆွေး နွေးမှုများရှိကြောင်း တုံ့ပြန် ထားသည်။
ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် ယမန်နှစ် နိုဝင် ဘာလအတွင်း အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး ခေါင်းစဉ်ဖြင့် နေပြည် တော်၌ နိုင်ငံရေးပါတီများအား ဖိတ်ခေါ်တွေ့ဆုံပြီးနောက် ခုနစ် လခန့်အကြာတွင် နိုင်ငံရေးပါတီများနှင့်ပြန်လည်တွေ့ဆုံမည်ဖြစ်သည်။
Ref ; 7Day

0 comments:

Post a Comment