Tuesday, June 23, 2020

တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံအပြန်အလှန်ချစ်ကြည်ရင်းနှီးမှု့အရ သွားရောက်ခြင်းဖြစ်ပြီး ကျန်းမာရေး စစ်ဆေးချက်များလည်း ပြုလုပ်သွားကြောင်း သိရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ Great Patriotic War(1941-1945)အောင်နိုင်မှု(၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် ရုရှားကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားမှုဖြင့် နှစ်နိုင်ငံစစ်ဘက် အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု့အရ သွားရောက်ခြင်းဖြစ်ပြီး လိုက်ပါသွားခဲ့သော အဖွဲ့ဝင်များအားလုံး ကျန်းမာရေး စစ်ဆေးချက်များလည်း ပြုလုပ်သွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Great Patriotic War(1941-1945)အောင်နိုင်မှု(၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် မနေ့ကနံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)လေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတကာမှ နိုင်ငံတော်သမ္မတများ ကာကွယ်ရေးဝန်ကြီးများနှင့် နိုင်ငံတကာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ တက်ရောက်ကြမည်ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ လေယာဉ်ဖြင့်ထွက်ခွာစဉ် ယခင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ပိတ်မိနေသည့် ရုရှားနိုင်ငံသား ၁၉ ဦးအား လေယာဉ်ဖြင့် တစ်ပါတည်းခေါ်ဆောင်သွားကြောင်း သိရှိရပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှလည်း ထုတ်ပြန်ထားသည်။ အပြည်ပြည် ဆိုင်ရာလေကြောင်းခရီးစဉ် ဆိုင်းငံ့ခဲ့သဖြင့် မြန်မာနိုင်ငံတွင် ပိတ်မိနေသော ရုရှားနိုင်ငံသားများမှ နေရပ်ပြန်ရန် ဆန္ဒရှိနေသော ရုရှားနိုင်ငံသား ၁၉ ဦးအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်နှင့်အတူ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယင်းကဲ့သို့ လိုက်ပါခွင့်ရသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် Myanmar Airways International အား အထူးပင် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Crd : တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment