Monday, June 15, 2020

မန္တလေးတွင် လူစုလူဝေးပွဲတော်များကို ခွင့်ပြုဦးမည်မဟုတ်ဘဲ သင်တန်းအချို့နှင့် အားကစားရုံများ ဖွင့်ခွင့်ပြုမည်

မန္တလေးမြို့တွင် လူစုလူဝေးဖြင့်ပြုလုပ်သည့် ပွဲတော်များကို ခွင့်ပြုဦ်းမည်မဟုတ်ဘဲ သင်တန်းအချို့နှင့် အားကစားရုံများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်က ပြောသည်။
တိုင်းဒေသကြီးအစိုးရက ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချူပ်နိုင်ရန်အတွက် ကန့်သတ်မှုအချို့အား ယခုလ ၁၅ ရက်အထိ လိုက်နာရန် ထုတ်ပြန်ထားခြင်းဖြစ်ကာ ယင်းအမိန့်များအား ပြန်လည် ဖြေလျှော့ပေးခြင်းဖြစ်သည်။
လူစုလူဝေးဖြင့် ပြုလုပ်ရသည့် ဘာသာရေးအခမ်းအနားများ၊ မင်္ဂလာဆောင်၊ အလှူပွဲများအပြင် ဖျော်ဖြေရေးလုပ်ငန်းများဖြစ်သည့် စင်တင်တေးဂီတများ၊ အနှိပ်ခန်းများနှင့် အပန်းဖြေစခန်းများကို ဆက်လက်ပိတ်ထားရဦးမည်ဖြစ်ကာ ကိုယ်ကာလကြံ့ခိုင်မှု ဝန်ဆောင်မှု လုပ်ငန်းများ၊ ဖူဆယ်ဘောလုံးကွင်းများ၊ အကြောပြင်လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များနှင့် အညီ ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။
“ ပန်းခြံတို့ ဖူဆယ်ကွင်း စကိတ်ကွင်း ကိုယ်ကာလ လေ့ကျင့်စင်တာတွေကိုတော့ လိုအပ်တဲ့ လက်ဆေးဖို့ စင်တွေပါရင် ပြန်လည်ဖြေလျှော့ဖို့ရှိမယ်။ မဖြစ်မနေဖွင့်ရမယ့် သင်တန်းတွေ ပုဂ္ဂလိက သင်တန်းတွေပေါ့။ ဥပမာ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ဟာဆိုရင် လူစုလူဝေးမဖြစ်ဘဲ လူ ၅၀ ထက်မပိုရင် စစ်ဆေးခွင့်ပြုမယ်။ ဘိလိယက်ခုံတွေ စနူကာတွေရမယ်။ မင်္ဂလာဆောင်တွေ ဘုရားပွဲတွေ စင်တင် ရုပ်ရှင်ရုံ၊ ၆ မိုင်တို၊့ ၇ မိုင်၊ ၉ မိုင်တို့လို အပန်းဖြေစခန်းတွေကိုတော့ ဖြေလျှော့မယ့်အထဲ မပါသေးဘူး” ဟု ဦးစိုင်းပန်ဆိုင်က ပြောသည်။
သို့သော် အခြားပြည်ပနိုင်ငံများမှ မန္တလေးတိုင်းသို့ ပြန်လည်ဝင်ရောက်လာသူများနှင့် ရောဂါပိုးတွေ့ရှိသူများပြားသည့် တိုင်းပြင်ပ ဒေသများမှ လာရောက်သူများအားလုံးကို Community Based Facility Quarantine ၂၁ ရက်နှင့် Home Quarantine ၇ ရက် ဆက်လက်နေရဦးမည်ဖြစ်သည်။
ထို့ပြင် နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်များကို ဆက်လက်ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်သည်။
“ ဘုရားတွေကတော့ သိပ်ဖြစ်နိုင်ဦ်းမယ် မထင်သေးဘူး။ ဘာလို့လည်းဆိုတော့ ကိုဗစ်ကလည်း အခုပြီးသေးတာလည်း မဟုတ်သေးတော့ ဘုရားတွေကိုတော့ ပြန်ဖွင့်ခွင့်ပြုဦးမှာ မဟုတ်ဘူး ” ဟု ဦးစိုင်းပန်ဆိုင်က ပြောသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်မှု၏ အကောင်းဆုံးနည်းလမ်းဖြစ်သော တစ်ဦးနှင့် တစ်ဦးထိတွေ့မှု အနည်းဆုံးနေထိုင်ရန် လိုအပ်ပြီး မဖြစ်မနေ အပြင်သို့ထွက်မည်ဆိုပါက နှာခေါင်းစည်း Mask များတပ်ဆင်ရန် လိုအပ်ဦးမည်ဟု ဆိုသည်။
Ref ; The Myanmar Times

0 comments:

Post a Comment