Sunday, June 21, 2020

စစ်ရိပ်သန်းနေသည့် ဂျပန်-တရုတ် ပိုင်ဆိုင်မှု အငြင်းပွားကျွန်း

တရုတ်နိုင်ငံဟာ ဟိမဝန္တာတောင်တန်းဒေသမှာ အိန္ဒိယနိုင်ငံနဲ့ နယ်မြေပိုင်ဆိုင်မှု လိပ်ခဲတည်းလည်းအခြေ အနေတွေဖြစ်ပွားနေသလိုပဲ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းတွေကိစ္စဟာ အာရှမှာ စစ်ရိပ်သန်းနေတဲ့ နောက်ထပ်နေရာတစ်ခုဖြစ်တယ်လို့ အခုလ(၂၁)ရက် CNN သုံးသပ်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ဒီကျွန်းတွေကတော့ အရှေ့တရုတ်ပင်လယ်ပြင်ထဲမှာရှိတဲ့လူမနေတဲ့ ကျွန်းတွေဖြစ်ပြီး၊ ဂျပန်ဘက်က ဆင်ကာကူကျွန်းလို့ခေါ်ဆိုကာ တရုတ်ဘက်က ဒိုင်အိုယု ကျွန်းလို့ခေါ်ဆိုပါတယ်။ ဒါပေမယ့် ဒီကျွန်းတွေကို ဂျပန်အစိုးရက ၁၉၇၂ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့တာပါ။
ဒီကျွန်းတွေဟာ တိုကျိုမြို့အနောက်တောင်ဘက် ကီလိုမီတာ(၁၂၀၀)အကွာမှာရှိပါတယ်။ ဂျပန်နဲ့တရုတ်နိုင်ငံတို့ ဒီကျွန်းတွေနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ပြသနာဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား စစ်ရေးပဋိပက္ခအသွင်လည်းဆောင်လာနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ အမေရိကန်ဟာ ဂျပန်နိုင်ငံနဲ့ ကာကွယ်ရေးစာချုပ်ချုပ်ဆိုထားတာကြောင့် ဂျပန်ရဲ့ပိုင်နက်နယ်မြေတစ်ခုကို ပြည်ပနိုင်ငံတစ်ခုက တိုက်ခိုက်လာပြီဆိုရင် အမေရိကန်အနေနဲ့ ကာကွယ်ပေးဖို့ တာဝန်ရှိနေပါတယ်။
ဖြစ်လာနိုင်စရာရှိတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေတွေကလည်း ရှိလာပါတယ်။ဒါက တော့ တရုတ်သင်္ဘောတွေကို ဆင်ကာကူ(သို့မဟုတ်)ဒိုင်အိုယု ကျွန်းတွေအနီးရေပြင်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလကတည်းကစပြီး နေ့တိုင်းလိုလိုမြင်တွေ့နေတယ်လို့ ဂျပန်ကမ်းစောင့်တပ်ဖွဲ့က ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်အစိုးရအဖွဲ့ရဲ့ chief cabinet secretary ဖြစ်သူ Yoshihide Suga က တိုကျိုမြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး၊ ဆင်ကာကူးကျွန်းတွေဟာ ဂျပန်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး၊ သမိုင်းကြောင်းအရရော နိုင်ငံတကာ ဥပဒေအရရော ဂျပန်နိုင်ငံက ပိုင်ဆိုင်တယ်ဆိုတာ အငြင်းပွားစရာမရှိကြောင်း၊တရုတ်ဘက်က အခုလိုမျိုး လုပ်ရပ်တွေဆက်လက်ပြုမှုနေမယ်ဆိုရင် ဂျပန်ဘက်က ထိထိရောက်ရောက်တုံ့ပြန်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
အခုလိုဂျပန်အစိုးရရဲ့ သဘောထားနဲ့ပတ်သက်ပြီး၊တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြီးခဲ့တဲ့သောကြာနေ့က ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ဒီကြေညာချက်ထဲမှာ ဒိုင်အိုယုကျွန်းနဲ့ ဆက်စပ်ကျွန်းတွေဟာ တရုတ်နယ်မြေပိုင်ဆိုင်မှုရဲ့ အစိတ်အပိုင်းတွေဖြစ်ကြောင်း၊ ကိုယ့်နယ်နိမိတ်ရေပြင်ထဲမှာ ဥပဒေစိုးမိုးရေးအတွက် ကင်းလှည့်ပိုင်ခွင့်ရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment