Monday, June 15, 2020

ကိုယ်ပိုင်ကျောင်းနှင့် ဘကကျောင်းများ ဇူလိုင် ၂၁ ရက်နေ့တွင် အထက်တန်းအဆင့်မှ ပြန်ဖွင့်မည်

ကိုယ်ပိုင်ကျောင်းနှင့် ဘကကျောင်းများလည်း အခြေခံပညာကျောင်းများနည်းတူ ဇူလိုင်၂၁ ရက်တွင် အထက်တန်းအဆင့်မှ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
"ကိုယ်ပိုင်ကျောင်း၊ ဘကကျောင်းတွေလည်း လာမဲ့ ၂၁ ရက်မှာ အထက်တန်းအဆင့်ကနေ ပြန်ပြီးဖွင့်ရမှာဖြစ်တယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လူတိုင်းအတွက် သတ်မှတ်ထားတဲ့ ၆ ပေအကွာ နေရမယ်။ mask တပ်ရမယ်ဆိုတာတွေကိုတော့ လိုက်နာရမှာပေါ့"ဟု ၎င်းကဆိုသည်။
အခြေခံပညာကျောင်းများနည်းတူ ဘကကျောင်းများအတွက်လည်း ပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား/ကျောင်းသူများ အပါအဝင် ဆရာ/ဆရာမများအတွက် ကိုဗစ်-၁၉ ကာကွယ်ရာတွင် လိုအပ်သည့် Mask နှင့် Face Shield များ ကျောင်းဖွင့်ချိန်အမီ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။
"နိုင်ငံတော်အနေနဲ့ ဘကကျောင်းတွေအတွက် ပုံနှိပ်တွေလည်း အခမဲ့ပေးနေတာပဲ။ အခုအခမဲ့ပေးမယ့် mask တွေ Face Shield တွေကိုလည်း ဘကကျောင်းတွေ အတွက်ပါ ထည့်သွင်း တွက်ချက်ထားပြီးသားဖြစ်ပါတယ်"ဟု ဦးတင်မောင်ဝင်းက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘကကျောင်း ၁၅၀၀ ကျော်ရှိပြီး အခြေခံပညာ ကျောင်းပေါင်း ၄၇၀၀၀ ကျော်နှင့် ကိုယ်ပိုင် ကျောင်း ၁၂၆၅ ကျောင်းခန့်ရှိကြောင်း သိရသည်။
Source - The Standard Time Daily

0 comments:

Post a Comment