Friday, June 26, 2020

တရုတ် ရွှေလီမြို့ စီကိုင်အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၁၀၀ ကို မြန်မာဘက်သို့ လွှဲပြောင်း

တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်အကျဉ်းထာင်၌ အကျဉ်းကျခံရပြီး လွတ်မြောက်လာသူ မြန်မာလုပ်သား ၁၀၀ ဦးကို ဇွန် ၂၅ ရက် နံနက် ၁၁ နာရီခန့်က မြန်မာဘက်သို့ နန်းတော်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံ တာဝန်ရှိသူများက လွှဲပြောင်း အပ်နံှခဲ့ရာ ၎င်းတို့အား နေရပ်အသီးသီးပြန်ပို့ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ရွှေလီမြို့တွင် သွားရောက်လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများမှာ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသူများဖြစ်ပြီး လွှဲပြောင်းပေးမှုကို မြန်မာဘက်မှ အဖွဲ့အစည်းပေါင်းစုံဖြင့်လက်ခံခဲ့သည်ဟု မူဆယ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးစောနိုင်ဦးက ပြောသည်။
“တရားဝင် လွှဲပြောင်းလက်ခံခဲ့တာက အများကြီးပါ။ လွှဲပြောင်းပေးတာက ခဏခဏပါပဲ။ ဒီနေ့ ၁၁ နာရီက လူ ၁၀၀ လက်ခံခဲ့တယ်။ ရွှေလီဘက်က စီကိုင်အကျဉ်းထောင်မှာ အကြောင်းအမျိုးမျိုးနဲ့ ထိန်းသိမ်းခံထားရသူ တွေပါ။ သူတို့ နေရပ်ပြန်ဖို့ စီစဉ်တဲ့အဖွဲ့ တွေက ဆက်လက်ဆောင်ရွက်တယ်”ဟု ၎င်းကပြောသည်။
အဆိုပါ လွှဲပြောင်းပေးခဲ့သူ ၁၀၀ ဦးတွင် အမျိုးသား ၈၀ နှင့် အမျိုးသမီး ၂၀ ဖြစ်ပြီး တရုတ်နိုင်ငံဘက်၌ နေထိုင် လုပ်ကိုင်စဉ် သတ်မှတ်စည်းကမ်းလိုက်နာမှုမရှိ၍ ထိန်းသိမ်းခံခဲ့ရသူများဖြစ်ပြီး လွှဲပြောင်းအပ်နံှလာမှုကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အလုပ်သမား ဝန်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးဌာန စသည့် အဖွဲ့ပေါင်းစုံဖြင့် စနစ်တကျလက်ခံခဲ့ကြောင်းသိရသည်။
“သူတို့ကို ထုံးစံအတိုင်း အဖျားတိုင်းတာ၊ ကိုယ်အပူချိန်များနေရင် လွှဲပြောင်းပေးတာတို့နဲ့ HIV ကအစ စစ်ဆေးတယ်။ ပရဟိတအဖွဲ့တွေက Mask တွေဝေတာနဲ့ ကိုဗစ်နဲ့ ပတ်သက်လို့ ကာကွယ်မှုကို ဝိုင်းကူကြတယ်။ သူတို့ ညအိပ်နားမယ့်နေရာမှာ ကျန်းမာရေးဌာနဝန်ထမ်းတွေနဲ့ စောင့်ရှောက်တယ်”ဟု မူဆယ်ဆေးရံအုပ်ကြီး ဒေါက်တာ ဟန်နိုင်စိုးက ပြောသည်။
လွှဲပြောင်းရောက်ရှိလာသူ မြန်မာလုပ်သား ၁၀၀ ကို မူဆယ်မြို့ ပဉ္စဝဂ္ဂီဘုန်းတော်ကြီးကျာင်း၌ ထားရှိပြီး နောက်ရက်များတွင် ပရဟိတလူမှုရေးအသင်းများက ကူညီစောင့်ရှောက်မှုပေးမှာဖြစ်ပြီး ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်ပို့ ဆောင်ရေးစီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

Crd : Myanmar Times

0 comments:

Post a Comment