Saturday, June 20, 2020

ကလေးမြို့တွင် အသက် (၉၁)နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး (၅)နာရီအကြာတွင် သေဆုံးခဲ့

ကလေးမြို့ အင်ဒိုင်းကုန်းရပ်ကွက်(ယခင် မြို့လှကျေးရွာ)တွင် လေဖြတ်နေတဲ့ (၉၁)နှစ်အရွယ်အမျိုးသမီးဟာ အဓမ္မပြုကျင့်ခံရပြီး (၅)နာရီအကြာတွင် ကလေးမြို့ပြည်သူ့ဆေးရုံ၌ သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။
အဓမ္မပြုကျင့်သူဟာ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာနေထိုင်တဲ့ ဇော်မင်းထွန်း (၄၅ နှစ်)ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ ဇွန်လ (၁၉)ရက် ညနေ ၆ နာရီ မိနစ် ၂၀ ခန့်တွင် (၅)နှစ်ကြာလေဖြတ်လို့အိပ်နေတဲ့ ဒေါ်…. (၉၁နှစ်) ဟာ နေအိမ်အတွင်းအိပ်နေစဉ် ဇော်မင်းထွန်းက လာရောက်အဓမ္မပြုကျင့်ခဲ့ပါတယ်။ ယင်းဒဏ်ရာကြောင့် ညတွင်းချင်းကလေးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ယင်းည (၁၁)နာရီတွင် သေဆုံးသွားတယ်လို့သိရပါတယ်။
ယင်းအမှုကိုသွားရောက်ကူညီခဲ့တဲ့ ဒိန်းဒီအမျိုးသမီးရေးရာအဖွဲ့ က တာဝန်ရှိသူ ဒေါ်မာလ်စောမ်မီးက “ဆရာဝန်ကတော့ အတွင်းကြေသွားတယ်လို့ပြောတယ်။ ပြီးတော့ ခန္ဓာကိုယ်မှာညိုမဲရောင်ဖြစ်လာတာက သူ့နှလုံးကိုလည်းထိတယ်လို့ပြောတယ်။ သူက ခြေထောက်ကွေးလို့မရတဲ့ဟာကို ကားခိုင်းတော့ ဆီခုံတွေလည်းသွားထိတယ်လို့ပြောတယ်။ ” လို့ပြောပါတယ်။
လက်ရှိတွင် အမေအိုရဲ့အလောင်းဟာ ပြည်သူ့ဆေးရုံရင်ခွဲရုံတွင် စစ်ဆေးနေဆဲဖြစ်ပါတယ်။ အလောင်းကို ဒီနေ့ညတွင် သဂြိုလ်မယ်လို့သိရပါတယ်။
ဆက်လက်ပြီး ဒေါ်မာလ်စောမ်မီးက “အဓမ္မပြုကျင့်ခံရတဲ့အဘွားကို အခု ဆေးရုံကိုပို့လိုက်တယ်။ ကြောက်လွန်းလို့ထင်တယ် သူ့အသားတွေတုန်နေတယ်။ တစ်ကိုယ်လုံးလည်း ညိုမဲနေတယ်။ သူက စကားပြောနိုင်ပေမယ့် နားမကြားတော့ဘူး။ အဲ့ဒီအမျိုးသားက ဘယ်လိုရောက်လာတာလဲမသိကြဘူး။ အဘွားရဲ့အမျိုးတစ်ယောက်က မီးဖိုချောင်မှာထမင်းချက်နေတုန်း အဘွားကလန့်လို့အော်တဲ့အသံကြားလို့အိမ်ထဲကိုသွားကြည့်တဲ့ချိန်မှာ အဲ့ဒီအမျိုးသားက အနှီးလဲပေးနေတယ်လို့ထင်တာ။ ဒုတိယအကြိမ်အမေအိုကထပ်အော်တော့ ထမင်းချက်တဲ့သူက ချင်းလို အနှီးလဲပေးတာလာလို့မေးတာကို သူက ဗမာလိုပြန်ပြောတော့ လန့်လို့အော်တော့ အိမ်နီးနားတွေရောက်လာပြီး ဖမ်းကြတယ်။ သူ့ကို ရဲတွေက စစ်ဆေးတော့ ချောက်မြို့ကနေလာတာလို့ပြောပါတယ်” လို့ဆိုပါတယ်။
ကလေးမြို့မရဲစခန်းမှတ်တမ်းမှာတော့ မိခင်ဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်ခဲ့ရာမအောင်မြင်၍ အမျိုးသမီးအင်္ဂါအားလက်ဖြစ်ထိုးခဲ့ကြောင်းလို့ ရေးသားထားပါတယ်။
Crd : Khit Thit

0 comments:

Post a Comment