Wednesday, June 24, 2020

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ သပြေရှောင်ကျေးရွာတွင် သားအမိနှစ်ဦး နှစ်လောင်းပြိုင် အသတ်ခံရမှု ဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ သပြေရှောင် ကျေးရွာတွင် ဇွန် ၂၃ ရက် ညနေပိုင်းက အသက် ၈၈ နှစ်နှင့် အသက် ၅၄ နှစ်အရွယ် သားအမိနှစ်ဦး နေအိမ်ပေါ်၌ နှစ်လောင်းပြိုင် အသတ်ခံခဲ့ရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လောင်းလုံး-ကျောက်နီမော် လမ်းမပေါ် ရှိ သပြေရှောင်ကျေးရွာရှိ အခင်းဖြစ်ပွားရာ နေအိမ်၌နေထိုင်သူ အသက် ၈၈ နှစ်အရွယ် ဒေါ်အေးရီအား နေအိမ်အောက်ထပ်ရှိ တမံသလင်းပေါ်၌ လဲကျသေဆုံးနေသည်ကို မွန်းလွဲ ၁ နာရီကျော်ခန့်၌ မြေးဖြစ်သူမှ စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းနောက် ဒေါ်အေးရီ၏ သမီးဖြစ်သော အသက် ၅၄ နှစ်အရွယ် ဒေါ်သိန်းယူကိုလည်း နေအိမ်အပေါ်ထပ် ဘုရားခန်း၌ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
“သိတဲ့အချိန်က ညနေ ၃ နာရီလောက် ရှိသွားပြီ။ ပထမ အဖွားကြီး တစ်ယောက်ဆုံးတယ်လို့ သိရတယ်။ နာရေးအဖွဲ့သားအချင်းချင်း ဖုန်းဆက်တဲ့ အချိန်မှာ နာရေးအိမ် ရောက်နေတယ်လို့ သတင်းပေးလို့ သိရတာပေါ့လေ။ ဒါတစ်ယောက် အရင်သိလိုက်တယ်။ ပြီးတော့မှ ခဏလေး ငါးမိနစ်လောက်ပဲ ခြားတယ်။ သူ့သမီးလည်း အပေါ်မှာ သေနေတယ်ဆိုပြီးတော့ အုပ်ချုပ်ရေးမှူးဆိုတော့ လာခေါ်တာပေါ့လေ။ လာခေါ်တော့ တက်ကြည့်တော့ သံသယ အနေအထားတွေ တွေ့တယ်ဆိုတော့ သကျက်တော စခန်းမှူးကို သတင်းပေးလိုက်တယ်” ဟု သပြေရှောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။
အသတ်ခံရသူ၏ မိသားစုဝင်များမှာ အသက် ၈၈ နှစ်အရွယ်ရှိသူ ဒေါ်အေးရီကို နေအိမ်အောက်ထပ် တမံသလင်း၌ လဲကျသေဆုံးနေသည်ကို စတင်တွေ့ရှိခဲ့ပြီးနောက် မတော်တဆချော်လဲ၍ ရိုးရိုးသေဆုံးခဲ့သည်ဟု ယူဆကာ ကျေးရွာနာရေးအသင်းကို ဆက်သွယ်ခဲ့ပြီး နေအိမ်အောက်ထပ်၌ နာရေးအတွက် ပြင်ဆင်နေစဉ် နေအိမ်အပေါ်ထပ်သို့ တက်ကြည့်ရှုခဲ့သူ တစ်ဦးက နေအိမ်ဘုရားစင် အရှေ့၌ လဲကျသေဆုံးနေသော အသက် ၅၄ နှစ်အရွယ် ဒေါ်သိန်းယူကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ သေဆုံးခဲ့သူများ၏ ဒဏ်ရာအနေအထားမှာ အသက် ၈၈ နှစ်အရွယ် ဒေါ်အေးရီ၌ ဝဲဘက်မျက်ခုံးပေါ်၌ ပွန်းပဲ့ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ရင်သားပေါ်၌ ညိုမဲဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေပြီး အသက် ၅၄ နှစ်အရွယ် ဒေါ်သိန်းယူတွင် ဦးခေါင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့ပြင် အသတ်ခံရသူ၏ နေအိမ်အတွင်း အပေါ်ထပ်နှင့် အောက်ထပ်ရှိ ဗီရိုများကို မွှေနှောက်ရှာဖွေ ထားသည်ကို တွေ့ရပြီး ရွှေငွေနှင့် လက်ဝတ်လက်စားများ ပျောက်ဆုံးမှု ရှိ မရှိကို လက်ရှိအခြေအနေအရ အသေးစိတ် မသိရသေးသော်လည်း နေအိမ်ရှိ HONDA Dream 125 ရွှေလှိုင်း ဆိုင်ကယ်တစ်စင်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယင်းဆိုင်ကယ်ကိုမူ အခင်းဖြစ်ရာနေရာမှ မိုင် ၂၀ ကျော်ခန့်အကွာရှိ ထားဝယ်မြို့ ကမ်းနားစျေးအနီး လက်ဖက်ရည်ဆိုင်ရှေ့တွင် ပြန်လည်တွေ့ရှိ ခဲ့ရကြောင်း သိရသည်။
ယင်းသို့ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှာ သပြေရှောင်ကျေးရွာအုပ်စု၌ တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ဖူးခြင်း မရှိခဲ့ဘဲ လက်ရှိဖြစ်စဉ် အနေအထားအရ ရက်စက်လွန်းရာ ကျသောကြောင့် တရားခံကို ဖမ်းမိစေလိုပြီး ဥပဒေအရ ထိုက်သင့်သည့် အပြစ်ဒဏ်ဖြင့် အရေးယူ ပေးစေလိုကြောင်း ဦးမျိုးအောင်က ပြောကြားသည်။
လူသတ်မှုဖြစ်ပွားချိန်၌ နေအိမ်တွင် အဆိုပါ အမျိုးသမီး နှစ်ဦးတည်းသာ နေထိုင်နေပြီး သားဖြစ်သူမှာ အခြားဒေသသို့ အလုပ်သွားရောက် လုပ်ကိုင်နေကြောင်းနှင့် ၎င်းတို့မှာ ငွေကြေးပိုင်ဆိုင်မှု အတော်အသင့် ရှိသူများ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အသတ်ခံရသည့် သားအမိနှစ်ဦးမှ မိခင်ဖြစ်သူမှာ နေအိမ်အောက်ထပ်တွင် ဘယ်ဘက်နားထင်နှင့် ရင်သားကိုလည်းကောင်း၊ သမီးဖြစ်သူမှာ နေအိမ်အပေါ်ထပ်ရှိ ဘုရားခန်း၌ ဦးခေါင်းကိုလည်းကောင်း တုံးသောလက်နက်ဖြင့် ထုသတ်ခြင်းခံရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ပြတ်ရှဒဏ်ရာများ မရှိကြောင်း၊ နေအိမ်အတွင်းရှိ အဖိုးတန်ပစ္စည်းများ ပျောက်ဆုံးမှု ရှိ မရှိကို မိသားစုဝင်များမှ စစ်ဆေးအတည်ပြုနေဆဲ ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ရဲတပ်ဖွဲ့မှူးက ထားဝယ်အခြေစိုက် မီဒီယာများကို အခင်းဖြစ်နေရာတွင် ပြောကြားခဲ့သည်။
Crd : Eleven

0 comments:

Post a Comment