Friday, June 26, 2020

ရှမ်းနှင့် ဧရာဝတီမှ ကိုယ်ဝန်ဆောင်နှင့် အသက် (၂)နှစ်အောက်ကလေးများကို (၉)လစာ ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း သိရ

ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် အသက်(၂)နှစ်အောက်ကလေးများကို လာမည့်ဩဂုတ်ကစ၍ ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစမ်းစမ်းအေးက ပြောသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့ထံမှ မွေးဖွားလာသည့် အသက် (၂)နှစ်အောက်ကလေးသူငယ်များကို ငွေကြေးထောက်ပံ့သည့် အစီအစဉ်ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း တို့တွင် ထပ်မံတိုးချဲ့ဆောင်ရွက် ခြင်းဖြစ်သည်။
ယင်းဒေသနှစ်ခုမှ လက်ရှိ ကိုယ်ဝန်ဆောင်ထားသူအားလုံး နှင့် ၂၀၂၀ ဧပြီ ၁ ရက်နောက် ပိုင်း မွေးဖွားသည့်ကလေးငယ် များအားလုံးကို ထောက်ပံ့ကြေး ပေးမည်ဖြစ်သည်။ ယင်းသို့ ထောက်ပံ့ကြေးပေးရာတွင် တစ်လလျှင် ကျပ်တစ်သောင်းခွဲနှုန်း ဖြင့် ထောက်ပံ့မည်ဖြစ်သည်။
ထောက်ပံ့ကြေးပေးရာတွင် ခြောက်လစာအတွက် တပေါင်း တည်း (၂၀၂၀ ဧပြီ၊ မေလ၊ ဇွန်လ၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) ကိုးသောင်းကျပ်ပေးမည်ဖြစ်ကြောင်း ဒေါက်တာစမ်းစမ်းအေး က ပြောသည်။
ထောက်ပံ့ကြေးပေးနိုင်ရေးအတွက် စာရင်းကောက်ယူခြင်း လုပ်ငန်းများကို လာမည့် ဇူလိုင် ၁ရက်မှ စတင်လုပ်ဆောင်မည်ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ စာရေးများမှတစ်ဆင့် စာရင်းပေးသွင်း နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
စာရင်းပေးသွင်းရာတွင် ကိုယ်ဝန်ဆောင်ဖြစ်ပါက ကိုယ်ဝန်ဆောင်စဉ်ကာလ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း၊ ကလေးဖြစ်ပါက ကာကွယ်ဆေးထိုးမှတ် တမ်းတို့ဖြင့် လျှောက်ထားရန် လိုအပ်ကြောင်း ဒေါက်တာစမ်းစမ်း အေးက ဆိုသည်။
ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ်များအား ထောက်ပံ့ကြေး ပေးသည့်အပေါ် ကြိုဆိုပြီး အကျုံးဝင်သူအားလုံး ထောက်ပံ့ကြေး ရရှိစေရန်အတွက် စနစ်တကျစာရင်းကောက်ယူရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းမအူပင် မြို့နယ်မှ ကလေးမိခင် ဒေါ်လှလှအေးက ပြောသည်။
‘‘ကောင်းတာပေါ့ ဒီလိုထောက်ပံ့ပေးတာ။ မရှိဆင်းရဲတဲ့လူတွေအတွက် ပိုအဆင်ပြေတာ ပေါ့။ ကိုယ်ဝန်သည်တွေ၊ ကလေး တွေအတွက် လိုအပ်တဲ့ဟာတွေ စားသောက်လို့ရတယ်လေ’’ဟု ၎င်းက ဆိုသည်။
ထိုထောက်ပံ့ကြေးကို ဖွံ့ဖြိုးမှုနိမ့်ကျပြီး အာဟာရညွှန်းကိန်းအရလည်း နိမ့်ကျသည့်ဒေသများ မှ ကိုယ်ဝန်ဆောင်နှင့် ကလေးများကို ပေးအပ်ခြင်းဖြစ်ကာ လက်ရှိတွင် ရခိုင်၊ ချင်း၊ ကရင်၊ ကယား ပြည်နယ်နှင့် နာဂဒေသတို့၌ ထောက်ပံ့ပေးနေသည်။
Crd : 7 Day

0 comments:

Post a Comment