Tuesday, June 23, 2020

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုယ်စား အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းမီဒီယာ များ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်းနေရာယူကာ စနစ်တကျမေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။
ဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်တောင်မှ ထွက်ရှိသည့် စကျင်ကျောက်တော်ကြီးအား ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်မည့် အစီအမံနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် Great Patriotic War(1941- 1945) အောင်နိုင်မှု(၇၅)နှစ်မြောက်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် သွားရောက်သည့်အခြေအနေများနှင့် အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အခက်အခဲဖြစ်ပေါ်နေသည့် ရုရှားနိုင်ငံသားများအား တစ်ပါတည်းခေါ်ဆောင်သွားမှု၊ နီပေါနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၊ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် ရောက်ရှိနေသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား သီတဂူဆရာတော်ဘုရားကြီးနှင့် တပ်မတော်တို့မှ ပူးပေါင်း၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့မှုအခြေအနေများ၊ မြေယာကိစ္စများ နှင့်ပတ်သက်၍ တပ်မတော်မှ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးဗဟိုကော်မတီမှ ထုတ်ပြန်ချမှတ်သည့် မူဝါဒများနှင့်အညီ သိမ်းဆည်းမြေများ ပြန်လည်စွန့်လွှတ်ခြင်း၊ လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက် နေမှုအခြေအနေများ၊ ပလက်ဝဒေသရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရနှင့် အလှူရှင်များက လှူဒါန်းသည့် စားနပ်ရိက္ခာများ၊ COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပို့ဆောင်ရာတွင် အခက်အခဲမျိုးစုံကြားက တပ်မတော်မှ ပြည်သူများနှင့်အတူလက်တွဲ၍ ကူညီပို့ဆောင်ပေးမှုနှင့် နယ်မြေခံတပ်မတော်သားများ နှင့်မိသားစုများက ၎င်းတို့စားသုံးမည့် ရိက္ခာပစ္စည်းများထဲမှ ဆန်များ ပေးအပ်လှူဒါန်းမှုအခြေအနေများ၊ ပလက်ဝဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မတူပီ-ဆမီး-ပလက်၀ ကားလမ်း ကြံ့ခိုင်ကောင်းမွန်ရေးဆောင်ရွက် လျက်ရှိရာ တပ်မတော်သားများက လုံခြုံရေးဆိုင်ရာနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကူညီ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာစီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ သက်သာချောင်ချိရေး၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက် အကူဖြစ်စေရေး အဓိကထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည့် သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများ အပေါ်ပြန်လည်ရှင်းလင်းဖြေကြားသည်။
အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများစုစုပေါင်းသတင်းဌာန(၂၂ )ခုမှ သတင်းထောက် (၃၅)ဦး လာရောက် တွေ့ဆုံသတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment