Thursday, June 18, 2020

လူစုလူဝေးမဖြစ်စေရန် အာဇာနည်နေ့တွင် ဗိမာန်သို့ နိုင်ငံတော်အကြီးအကဲနှင့် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များသာ တက်ရောက်ဂါရဝပြုခွင့်ပေးမည်

(၇၃)နှစ်မြောက် အာဇာနည်နေ့တွင် လူစုလူဝေးမဖြစ်စေရန် အာဇာနည်ဗိမာန်သို့ နိုင်ငံတော်အကြီးအကဲများနှင့် အာဇာ နည်ခေါင်းဆောင်များ၏ မိသားစုဝင်များသာ တက်ရောက်ဂါရဝပြုခွင့်ပေးမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဝင် ဦးစိန်အုန်းက ပြောသည်။
(၇၃)နှစ်မြောက်အာဇာနည် နေ့အခမ်းအနားပြုလုပ်ရန် လုပ် ငန်းဆပ်ကော်မတီများဖွဲ့ကာ လုပ်ငန်းများစတင်နေပြီး လက်ရှိ ဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်လည်းပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု ၎င်းကဆိုသည်။
‘‘အာဇာနည်နေ့ အခမ်းအနားကတော့ လုပ်ဖြစ်ပါတယ်။ ပြုလုပ်မယ့်ပုံစံတော့ပြောင်းထား ရတာပေါ့’’ဟု ဦးစိန်အုန်းက ပြောသည်။ ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ နိုင်ငံတော် အကြီးအကဲများ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအား ယခင်နှစ်များက အတိုင်း တက်ရောက်ဂါရဝပြုခွင့် ပေးမည်ဖြစ်ပြီး အများပြည်သူများဝင်ရောက်ခွင့်ကိုမူ ခွင့်ပြုမည် မဟုတ်ဟု ၎င်းကဆိုသည်။
ထို့အပြင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ သည့် ဝန်ကြီးများရုံး၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်နေအိမ်များ တွင်လည်း အများပြည်သူ ဝင်ရောက်ခွင့်မပြုရန် သတ်မှတ်ထားကြောင်း ဦးစိန်အုန်းက ဆက်လက်ပြောကြားသည်။
ကပ်ရောဂါ အခြေအနေ ကြောင့် အဆိုပါနေရာများသို့ အများပြည်သူ ဝင်ရောက်ခွင့်မပြု သော်လည်း နိုင်ငံပိုင်ရုပ်သံများ မှတစ်ဆင့် အများပြည်သူကြည့် ရှုနိုင်ရေး ရိုက်ကူးထုတ်လွှင့်ပေး သွားရန် စီစဉ်ထားကြောင်း ၎င်း က ဆိုသည်။
ထို့အပြင် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်များအတွက် ရည်စူး၍ ရန်ကုန်မြို့တော်ခန်းမတွင် သံ ဃာတော်များအား ဆွမ်းကပ်လှူရာတွင် တက်ရောက်မည့်သူ အရေအတွက်ကို ကန့်သတ်ထားသည်။
အဆိုပါ အာဇာနည်နေ့အခမ်းအနားပြုလုပ်မည့်အစီအစဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဇွန်လ ၁၇ ရက်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည် အာဇာနည်ဗိမာန်ပြင်ဆင်ထားမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်း ထုတ်ပြန်သည်။
Ref ; 7Day

0 comments:

Post a Comment