Monday, June 15, 2020

မြိတ်မြို့ ပေါ်တော်မူဘုရားရှိ ရပ်တော်မူ ရုပ်ပွားတော်ကို တွန်းလှဲဖျက်ဆီးခဲ့သူ ဖမ်းမိ

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်းရပ်ကွက်ရှိ ပေါ်တော်မူ ဘုရားရင်ပြင်ပေါ်မှ ရပ်တော်မူရုပ်ပွားတော်အား တွန်းလှဲဖျက်ဆီးခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ည ၁၀ နာရီတွင် တရားလို ဦးအေးစိုး အသက် (၅၀) ပေါ် တော်မူဘုရားဂေါပကဥက္ကဋ္ဌ မ-၃၂ ဈေးလမ်း တောရကျောင်းရပ်ကွက် ကလွင်ကျေးရွာအုပ်စု မြိတ်မြို့နေသူသည် ပေါ်တော်မူဘုရား ရင်ပြင်တော်ပေါ်တွင် အလှူခံစာရေး စိုးထိုက်အောင်နှင့် အတူရှိနေစဉ် ဘုရားအနောက်တောင် ထောင့်စောင်းတန်းရှိ ရပ်တော်မူ ဒီပင်္ကရာဘုရား ရုပ်ပွားတော်ကို အမျိုးသားတစ်ဦးက တွန်းလှဲလိုက်သည်ကို တွေ့မြင်ရသဖြင့် တရားလိုနှင့် စိုးထိုက်အောင်တို့က သွားရောက်ကြည့်ရှုရာ ရပ်တော်မူ ဒီပင်္ကရာ ဘုရားရုပ်ပွားတော်မှာ မြေပေါ်သို့လဲကျပြီး ဦးခေါင်းတော်ပြုတ်၍ ဝဲဘက်လက်ချောင်းများ ကျိုးပဲ့နေသည်ကို တွေ့ရှိရသည်။
ထိုလူမှာ ဘုရားကုန်းတော်အောက်ဘက်သို့ ထွက်ပြေးသွားသဖြင့် လုံခြုံရေး ဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်များဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းကို ပေါ်တော်မူဘုရားမုခ်ဦး အပေါက်၌ ဖမ်းဆီးရမိခဲ့သည်။ သို့ဖြစ်၍ လူတစ်စားကိုးကွယ်သော ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့် ဘာသာရေးအရ အထွတ်အမြတ်ထားသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်အား ပျက်စီးစေပြီး ဘာသာသာသနာကို ညှိုးနွမ်းစေအောင်ကိုယ်ထိလက်ရောက် ကျူးလွန်သူ သူရအောင်(၂၅)နှစ် ကျပန်း ပုလဲလမ်း ဘုတ်ချောင်းရပ်ကွက် မြိတ်တောင် ကျေးရွာအုပ်စု မြိတ်မြို့နေသူအား ဥပဒေအရအရေးယူပေးရန် ဦးအေးစိုးက တရားလို ပြုလုပ်တိုင်တန်းသဖြင့် ဇွန် ၁၄ ရက် မွန်းလွဲ ၁၂နာရီ ၁၀ မိနစ်တွင် မြိတ်မြို့မရဲစခန်းက (ပ)၈၁၇/ ၂၀၂၀၊ ပြစ်မှုဥပဒေပုဒ်မ-၂၉၅/၂၉၅-က အရ အမှုရေးဖွင့်ဆောင်ရွက်ပြီး ဒုရဲအုပ် ဇာနည်ထွန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Ref ; The Standard Time Daily

0 comments:

Post a Comment