Saturday, June 20, 2020

မြောက်ကိုရီးယားနှင့် တင်းမာမှုမြင့်နေချိန်တွင် တောင်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံပြန်ပေါင်းစည်းရေးဝန်ကြီး နုတ်ထွက်သွား

တောင်ကိုရီးယားနိုင်ငံ၌ ခိုလှုံနေသည့် မြောက်ကိုရီးယားနိုင်ငံသားများအရေးနှင့်ပတ်သက်၍ ကိုရီးယားနှစ်နိုင်ငံကြားတင်းမာမှုများရှိနေချိန်တွင် တောင်ကိုရီးယားရှိ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ကင်ယွန်ချူ ၏နုတ်ထွက်စာကို တောင်ကိုရီးယားသမ္မတမွန်းဂျေအင်က ဇွန် ၁၉ ရက်တွင် လက်ခံလိုက်ပြီဖြစ်သည်။
မြောက်ကိုရီးယားနှင့်ဆက်ဆံရေးတင်းမာမှုအတွက် တာဝန်ယူသည့်အနေဖြင့် ဝန်ကြီး ကင်ယွန်ချူသည် ဇွန် ၁၇ ရက်တွင် နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။ COVID-19 ဖြစ်ပွားမှု ကိုင်တွယ်ပုံနှင့်ပတ်သက်၍ လူကြိုက်များခံခဲ့ရပြီးနောက် မြောက်ကိုရီးယားနှင့်ဆက်ဆံရေးတင်းမာမှုကြောင့် မွန်း၏လူကြိုက်များမှုသည် ၅၅ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ကာ ယင်းသည် သုံးလတာကာလအတွင်း အနိမ့်ဆုံးသို့ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဂဲလပ်ကိုရီးယားစစ်တမ်းက ဖော်ပြထားသည်။
စေ့စပ်ဆွေးနွေးလိုကြောင်း တောင်ကိုရီးယားက တောင်းဆိုထားမှုကို မြောက်ကိုရီးယားက ပယ်ချခဲ့ပြီးဖြစ်သည်။ တောင်ကိုရီးယား၌ ခိုလှုံနေသည့် မြောက်ကိုရီးယားပြည်ပြေးများက မိခင်နိုင်ငံဘက်သို့ အစားအစာနှင့် ဝါဒဖြန့်လက်ကမ်းစာစောင်များပေးပို့နေမှုကို တားဆီးရန် တောင်ကိုရီးယားအစိုးရက ပျက်ကွက်ခဲ့သည့်အတွက် မြောက်ကိုရီးယားသည် နှစ်နိုင်ငံနယ်စပ် ကေဆောင်ရှိ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီးဖြစ်သည်။
ဆန်၊ ဆေးနှင့် နှာခေါင်းစည်းများကို မြစ်ထဲမှတစ်ဆင့် မြောက်ကိုရီးယားဘက်သို့ ပေးပို့ရန် စီစဉ်နေမှုကို တားဆီးနိုင်ခဲ့ကြောင်း ကိုရီးယားနှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ချိုဟဲဆီကပြောဆိုခဲ့သည်။
မြောက်ကိုရီးယားဘက်သို့ ပစ္စည်းများပေးပို့သူများကို ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ချိုဟဲဆီကပြောဆိုခဲ့သည်။
Crd : Myanmar Time

0 comments:

Post a Comment