Sunday, June 21, 2020

အစိုးရ အကြီးအကဲများ မြေကွက်များယူခြင်းသည် လုံးဝမဖြစ်သင့်သောကြောင့် လက်ရှောင်ကြရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ပြော

အစိုးရအကြီးအကဲများ မြေကွက်များယူခြင်းသည် လုံးဝမဖြစ်သင့်သောကိစ္စ ဖြစ်သောကြောင့် လက်ရှောင်ကြရန် နိုင်ငံ ရေးအကျဉ်းသားဟောင်းများအ ဖွဲ့ (FPPS) က တိုက်တွန်းသည်။
နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည် ထောင်စုအဆင့် ပုဂ္ဂိုလ်များအတွက် မြေကွက်များဖော်ထုတ်နေခြင်းကိစ္စနှင့်ပတ်သက်ပြီး FPPS က တိုက်တွန်းခြင်းဖြစ်သည်။
‘‘အာဏာရှိတဲ့သူတွေက အများကောင်းစားဖို့ဆိုပြီးတော့ အနည်းနဲ့အများတော့ ကိုယ်ကျိုးစီးပွားရှာ အခွင့်အရေးယူသွားကြတာပဲလို့ လူထုကမြင်သွားနိုင်တယ်။ ဒီလိုမြင်သွားရင် ဒီမိုကရေစီအသွင်အကူးအပြောင်းထိခိုက်မယ်။ ဒါကြောင့် အာဏာရှိတဲ့သူတွေ အခွင့်အရေးရတယ်ဆိုတဲ့ အစဉ်အလာမျိုးတွေ ချုပ်ငြိမ်းအောင်လုပ်ဖို့လိုတယ်’’ ဟု နိုင်ငံ ရေးအကျဉ်းသားဟောင်းများအ ဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦးကပြောသည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ မြေသုံးဧကတွင် ၁၆ ကွက်ကိုနေပြည်တော်စည်ပင်သာယာရေး ကော်မတီက တာဝန်ယူဖော်ထုတ် နေပြီး ယင်းမြေကွက်များတွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ အတိုင်ပင်ခံရုံးဝန် ကြီးဌာနမှ ဦးကျော်တင့်ဆွေတို့ အမည်စာရင်းပါရှိကြောင်း သမ္မတရုံးက ထုတ်ဖော်ပြောဆိုထားသည်။
‘‘ပြည်သူလူထုရဲ့ လူမှုစီးပွား ဘဝတွေက ကိုဗစ်ကာလမှာ အခက်အခဲအကျပ်အတည်းတွေ နစ်နာနေတာတွေကြောင့် ဒီလိုအချိန်မှာ ဒီလိုကြားရတာ စိတ်မသက်မသာဖြစ်တယ်။ ဒါကို ပြန်သုံးသပ်ပေးဖို့ တောင်းဆိုတယ်။ ပြည်သူလူထုဆန္ဒ၊ ပြည်သူ့အသံတွေ၊ ပြည်သူတွေ ရင်ဆိုင်ကြုံ တွေ့နေရတဲ့ အခက်အခဲတွေကို ငဲ့ကြည့်သင့်တယ်။ ဒါကြောင့် ဒီ မြေကွက်တွေယူသင့်၊ မယူသင့် ပြန်ပြီးတော့ သုံးသပ်ဆင်ခြင်သင့်တယ်လို့ တိုက်တွန်းအကြံပြုချင် တယ်’’ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ (FPPS) ဦး ဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
ထို့အပြင် ပြည်သူလူထုအကျိုးကို ဆောင်ရွက်ပေးနေသည့် အစိုးရအဖွဲ့အနေဖြင့် မြေကွက်များခွဲယူခြင်းသည် ကောင်းမွန်သည့်ကိစ္စမဟုတ်သောကြောင့် မဖြစ်သင့်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ် လှမြင့်ကပြောသည်။
‘‘ကိုယ်အစိုးရဖြစ်တိုင်း ကိုယ်လိုချင်တဲ့ အခြေအနေတစ် ခုကိုယူမယ်ဆိုတာ မကောင်းဘူး။ အရင်အစိုးရကယူခဲ့တာပဲ၊ ငါတို့ အစိုးရလည်းယူမယ်ဆိုတဲ့ အခြေ အနေက မကောင်းဘူး’’ ဟု ၎င်း ကပြောသည်။
နေပြည်တော်တွင် ဖော်ထုတ်နေသည့် မြေကွက်များကို သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဆင့်ဖြစ်ပါက ပေ ၄ဝဝ ပတ်လည်၊ ပြည်ထောင်စုဝန်ကြီး အဆင့် ပေ ၃ဝဝ ပတ်လည်၊ ဒုဝန် ကြီး ပေ ၂၅ဝ ပတ်လည်၊ ညွှန် ကြားရေးမှူးချုပ်အဆင့် ပေ ၁ဝဝ ပတ်လည်အထိ သတ်မှတ်၍ မြေ နေရာချပေးကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အကြီးအကဲ ပုဂ္ဂိုလ်များကို ချပေးထားသည့် မြေနေရာများနှင့် ဈေးနှုန်းသည် ဌာနတွင်းသတ်မှတ်ချက်များဖြစ်၍ ထုတ်ဖော်ပြောဆို၍မရကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ပြောသည်။
Ref ; 7Day

0 comments:

Post a Comment