Monday, June 8, 2020

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ သိသင့်သိထိုက်သည်များကိုပွင့်လင်းမြင်သာစွာ ချပြပေးရန် တိုက်တွန်းတောင်းဆိုချက်ထုတ်ပြန်

ယနေ့အချိန်ကာလသည် ပြည်သူအများကို စိုးရိမ်ပူပန်နေစေ့သည့် Covid-19ရောဂါ၊ ကူးစက်ပြန့် ပွားမှုကို ထိန်းချုပ်နေရသည့် ကာလဖြစ်နေပြီး ဤကာလအတွင်း ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ် ရေးမဏ္ဍိုင်ကြီးသုံးရပ်သည် များစွာအားနည်းနေပါသည်။
ဥပဒေပြုလွှတ်တော်သည်လည်း အုပ်ချုပ်ရေးပိုင်း၏ ဥပဒေအပေါ် ကျော်လွန်လုပ်ဆောင်နေမှုများကို ထိန်းသိမ်းရမည့်အစား အားပေးထောက်ခံပေးနေသကဲ့သို့ဖြစ်နေသည်ကို မီဒီယာများတွင် မျက်ဝါးထင်ထင် တွေ့မြင်နေရပါသည်။ ဥပမာ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ လုပ်ဆောင်မှုများသည် ဥပဒေခွင့်ပြုချက်များကို ကျော်လွန်လုပ်ဆောင်နေခြင်းမျိုးဖြစ်နေ၍ တိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှုမျိုး တင်သွင်း ခံနေရခြင်း။
ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များသည်လည်း ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်အတည်ပြုမှုများကို ရယူခြင်းမရှိဘဲ မိမိသဘောဆန္ဒအရ ဆုံးဖြတ်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ဥပမာအားဖြင့် ကြီးမားသောလုပ်ငန်းကြီးများ ချပေးခြင်းများ၊ သတ္ထုရှာဖွေရေးအတွက် မြေဧကသိန်းချီ လေ့ လာ ရှာဖွေခွင့်ပေးခြင်းမျိုး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးအတွက် မြေဧကသိန်းချီ ချပေးခြင်းမျိုးနှင့် ကချင်ပြည်နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေများအတွင်း သတ္ထုရှာဖွေရေးအတွက် ဧက သောင်းချီ ချပေးခြင်းမျိုးများတွင် ၂၀၀၈အခြေခံဥပဒေ၊ ပုဒ်မ၈၀အရ ပြည်ထောင်စုအစိုးရက ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်များကို ရယူခဲ့ခြင်း မရှိသည်ကို တွေ့မြင်ခဲ့ရပါသည်။
သို့ဖြစ်ပါ၍ ဒီမိုကရေစီအစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုအား သိသင့်သိထိုက်သည်များကို ထိန်ချန်ခြင်းမရှိဘဲ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာဖော်ပြပေးရန်အတွက် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအနေဖြင့် အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

0 comments:

Post a Comment