Friday, June 26, 2020

အာဆီယံအွန်လိုင်းထိပ်သီး အစည်းအဝေးပွဲ ဗီယက်နမ်က အိမ်ရှင်အဖြစ် ကျင်းပ

ယခုနှစ်အတွက် အာဆီယံထိပ်သီး အစည်းအဝေးပွဲကို ဗီယက်နမ်က ဦးဆောင်ပြီး ဒီကနေ့ အွန်လိုင်းကတဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အသင်းဝင်နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှု ပြသဖို့နဲ့ ကိုရိုနာကပ်ရောဂါ အရေးပေါ် ရန်ပုံငွေတစ်ရပ် ထူထောင်ရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် အခုလို အွန်လိုင်း ထိပ်သီးအစည်းအဝေး ကျင်းပတာပါ။
ဒီအွန်လိုင်းဆွေးနွေးပွဲမှာ ကိုရိုနာဗိုင်းရပ်စ်အရေးအပြင် တရုတ်နဲ့ အာဆီယံနိုင်ငံတစ်ချို့ကြား ကာလကြာရှည်ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ်တွင်း နယ်မြေအငြင်းပွားတဲ့ ကိစ္စဟာလည်း အလေးထားဆွေးနွေးကြတဲ့ ခေါင်းစဉ်တစ်ရပ်ဖြစ်ခဲ့ပါတယ်။ အွန်လိုင်းဆွေးနွေးပွဲမှာ အသင်းဝင်နိုင်ငံတွေအနေနဲ့ ဆေးပစ္စည်းတွေ နဲ့ အကာအကွယ်ဝတ်စုံတွေ ဝယ်ယူနိုင်ဖို့အတွက် ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေး ရန်ပုံငွေ ထူထောင်ရေးကို အဓိက ဦးစားပေးဆွေးနွေးခဲ့ကြပါတယ်။ အဲဒီရန်ပုံငွေအတွက် ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ တစ်သိန်း ထည့်ဝင်သွားဖို့ ကတိပြုခဲ့ပါတယ်။ ရန်ပုံငွေဆိုင်ရာ စည်းကမ်းချက်တွေကို အပြီးသတ်တဲ့အခါ မိတ်ဖက် ဂျပန် ၊ တရုတ် ၊ တောင်ကိုရီးယားနိုင်ငံတို့ကလည်း လှူဒါန်းမှုတွေ လုပ်လာကြဖို့ မျှော်လင့်ရတယ်လို့ အာဆီယံ အကြီးတန်း သံတမန်တစ်ယောက် AP သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်း ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ သိုလှောင်မှုတစ်ခုပြုသွားဖို့ အဆိုပြုခဲ့သလို ဂျပန်နိုင်ငံရဲ့ပံ့ပိုးမှုနဲ့ အာဆီယံ ပြည်သူ့ကျန်းမာရေး အရေးပေါ် စင်တာတစ်ခု ထူထောင်ရေး လေ့လာမှုတွေ လုပ်သွားဖို့ပါ ဆွေးနွေးခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ အဲဒီသံတမန်ကပြောပါတယ်။ အာဆီယံဒေသတွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၁၃၈၀၀၀ လောက်ရှိနေပြီဖြစ်ပါတယ်။ ဒီအတွက် စင်္ကာပူ ၊ အင်ဒိုနီးရှား ၊ မလေးရှား နဲ့ ထိုင်းတို့လို ဒေသတွင်း စီးပွားရေး အင်အားကြီး နိုင်ငံတွေမှာ စီးပွားရေးကျဆင်းနေပြီး ဆယ်စုနှစ်အတွင်း အဆိုးဆုံး စီးပွားရေး ပျက်ကပ်ဆီ ဦးတည်နေပါတယ်။
အာဆီယံဟာ တစ်ဖက်က အသင်းရဲ့ ညီညွတ်မှုကို ပြသဖို့ ကြိုးစားနေပေမယ့် တောင်တရုတ်ပင်လယ်အရေး ၊ မြန်မာနိုင်ငံ ဘင်္ဂလားဒေ့ရှ် နယ်စပ်က ဘင်္ဂါလီ အရေး စတာတွေကြောင့် အသင်းဝင်နိုင်ငံတွေ အချင်းချင်းကြား ရပ်တည်ချက် ကွဲပြားမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။
Source - AP

0 comments:

Post a Comment