Wednesday, June 24, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားများ မဲပေးခွင့်အား ကန့်သတ်မထားဘဲ လွပ်လပ်စွာ မဲပေးနိုင်

( ၂၀၂၀) ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေကို တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေမှာ မဲဆွယ်စည်းရုံးခွင့်မပြုပေမယ့် တပ်မတော်သားတွေရဲ့ မဲပေးပိုင်ခွင့်ကို ကန့်သတ်မထားဘဲ လွပ်လွပ်လပ်လပ် မဲပေးနိုင်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဇွန်လ(၂၃)ရက်က နေပြည်တော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ တာပါ။ လွပ်လပ်ရေးကြိုးပမ်းတဲ့ကာလက တပ်မတော် အတွင်း နိုင်ငံရေး အယူအဆ တွေ ကွဲပြားခဲ့တာတွေ ရှိခဲ့တာကြောင့် တပ်ရင်းတပ်ဖွဲ့ အလိုက် တောခိုတာတွေ ကြုံခဲ့ ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ပတ်သက်လို့ တပ်မတော်တွင်း မဲဆွယ်စည်းရုံးခွင့် ကတော့ မဖြစ်နိုင်ဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ ဝင်ရောက်စည်းရုံးတာတော့ မဟုတ်ပါဘူး။ အရင်ကတည်းက ရှိခဲ့တာပါ။ ကွန်မြူနစ် အဖွဲ့လိုက် တောခို သွားတာမျိုးပါ။ ဒါကြောင့် နိုင်ငံရေးနဲ့ ပတ်သက်ရင် တပ်အတွင်းမှာ မဲဆွယ် စည်းရုံးခွင့်က မဖြစ်နိုင်ဘူးလို့ပဲ ပြောလိုပါတယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ တပ်မဲရုံတွေကို တပ်ပြင်ပ သင့်လျော်တဲ့ နေရာမှာ ထားရှိ ဆောင်ရွက် သွားရမှာ ဖြစ်ပြီး ဒီအပေါ်မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ တပ်မတော်က ပြောဆို ထားပါတယ်။ တပ်မတော်သားတွေရဲ့ မဲပေးခွင့် ကိုလည်း ကန့်သတ်ထားတာမျိုးမရှိဘဲ ဆန္ဒအတိုင်း လွပ်လွပ်လပ်လပ် မဲပေးနိုင်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ ကြိုက်တဲ့သူကို မေးလို့ရပါတယ်။ ဘယ်ပါတီကိုမဲပေးပါ ၊ ဘယ်ပါတီကို မဲမပေးပါနဲ့ ဆိုတာမျိုး ကန့်သတ်ထား တာမရှိပါဘူး။ မဲပေးသူရဲ့ စိတ်ဆန္ဒအရ သဘောထားအရ လွပ်လပ်စွာမဲပေးပိုင်ခွင့် ရှိပြီးဖြစ်ပါတယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲကိုလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေအတိုင်း တပ်မတော်အနေနဲ့ ကူညီနိုင်တာ မှန်သမျှကူညီ ဆောင်ရွက်သွားမယ်လို့ ပြောဆိုပါတယ်။
Source - One News Myanmar

0 comments:

Post a Comment