Wednesday, June 24, 2020

အေအေအကြမ်းဖက်အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲများနှင့်အတူ သေဆုံးသွားသည့် ကုန် ကားမောင်းသူကို သင်္ဂြိုဟ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အေအေအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ၃ ဦးနဲ့အတူ သေဆုံးသွားတဲ့ ကုန်တင်ကားမောင်းသူကို ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းက မောင်တော သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
သေဆုံးသွားတဲ့ ကုန်တင်ကားမောင်းသမားဟာ စစ်တွေမြို့နယ်၊ ပျားလည်ချောင်းကျေးရွာက ဦးစောမျိုးအောင် ဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို နယ်ခြားစောင့်တပ်ဖွဲ့က တာဝန်ယူပြီး မောင်တောသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တာလို့ မောင်တောမြို့ကရုဏာကွန်ယက်ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်ကပြောပါတယ်။
“အလောင်းကို မနေ့က မွန်းတည့် ၁၂ နာရီမှာ မောင်တောဆေးရုံကို သယ်လာပြီး မိသားစုတွေကို စောင့်ပါတယ်။ မိသားစုတွေ တစ်ယောက်မှ ရောက်မလာကြတော့ နေ့လယ် ၂ နာရီကျော်မှ မီးသင်္ဂြိုဟ်လိုက်ပါတယ်။ ကုန်ကျစရိတ်ကိုတော့ နခခ(၅)က တာဝန်ယူပေးပါတယ်။”
သေဆုံးသွားတဲ့ယာဉ်မောင်း ဦးစောမျိုးအောင်ရဲ့ ဇနီးဖြစ်သူ မဇင်မာအေးဟာ လေးဘက်နာရောဂါ ဖြစ်နေတဲ့အတွက် ခင်ပွန်းဖြစ်သူကို မှီခိုနေ ရသူဖြစ်ပြီး အသက် ၅ နှစ်အရွယ် သမီးလေးတစ်ဦးလည်း ကျန်ရစ်ခဲ့ပါတယ်။
အခုလို တိုက်ခိုက်ခံရပြီး သေဆုံးရတာဟာ ကုန်ကားပေါ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ လိုက်ပါလာလို့ဖြစ်ပြီး သေဆုံးမှုအတွက် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက မိသားစုကို နစ်နာကြေးပေးတာမရှိဘူးလို့ သေဆုံးသူရဲ့ဇနီးဖြစ်သူ မဇင်မာအေးက ဒီဗွီဘီကို ပြောပါတယ်။
“ကုန်ကားမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ တက်လိုက်ပါလာတာကြောင့် မိုင်းခွဲခံရပြီး ကျမ ယောက်ျားလည်း သေဆုံးခဲ့ရတယ်။ ယနေ့အထိ ဘာနစ်နာကြေးမှ မရရှိသေးဘူး။ မနေ့က ကိုးတန်ကောက်ကို လိုက်သွားတယ်။ ကျမယောက်ျားက ရုပ်ပျက်ရုံသာမက ကိုယ်အင်္ဂါတွေ တစ်ပိုင်းစီဖြစ်နေတယ်။ ဒါကြောင့် နယ်ခြားစောင့်က တာဝန်ရှိသူတွေက လက်မှတ်ထိုးခိုင်းလို့ ထိုးလိုက်ပြီး သူတို့ကိုပဲ သင်္ဂြိုဟ်ဖို့ အပ်နှံခဲ့ပါတယ်။ မောင်တောအထိလိုက်ပြီး သင်္ဂြိုဟ် မပေးနိုင်ခဲ့ပါဘူး။ ကျမတို့က တစ်နေ့လုပ်မှ တစ်နေ့ စားသောက်နေရတော့ ကုန်ကျစရိတ် မတတ်နိုင်ပါဘူး။”
ကုန်တင်ကားဟာ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့မှ ဆန်အိတ် ၃၅၀ တင်ပြီး စစ်တွေကို သွားဖို့ အငူမော်ကို ထွက်ခွာလာစဉ် အင်းဒင်နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲ့တပ်ဖွဲ့က အရာရှိနဲ့ တပ်သားတချို့ကားက ကားခေါင်းခန်းမှာ တက်လိုက်ပါလာခဲ့တာပါ။
ညနေ ၄ နာရီခွဲလောက်က ကိုးတန်ကောက်ကျေးရွာ ဆားငံချောင်း တံတားအနီးအရောက်မှာ မိုင်းခွဲခံရပြီး ကားခေါင်းခန်းမှာ လိုက်ပါလာတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကားဒရိုင်ဘာ ဦးစောမျိုးအောင်တို့ သေဆုံးခဲ့ရပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအနီးမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားကို အေအေအကြမ်းဖက် အဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်သုံးဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး နယ်ခြားစောင့်ရဲ ၄ ဦးနဲ့ အရပ်သား ၁ ဦး ဒဏ်ရာရတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
Source - DVB

0 comments:

Post a Comment