Friday, June 26, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ ၊ စဥ့်ကူးမြို့ ၊ မံစီမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ဘိန်းစိမ်းများနှင့်ငွေကျပ်သိန်း ၈၈၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဇွန်လ ၂၄ ရက်နေ့ ၁၆၅၀ အချိန်တွင် နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပင်လာင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ ဒုံလီမန်းကျေးရွာနေ ခွန်အောင်ဌေး ၂၃ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး ဧည့်ခန်းအတွင်းရှိ ထင်းရှုးသေတ္တာအတွင်းမှ ဘိန်းစိမ်း ၉.၄၅ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၁.၄၂၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နောင်တရား နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
စဉ့်ကူးမြို့နယ်တွင် ငွေကျပ်သိန်း ၈၈၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိမှု
ဇွန်လ ၂၄ ရက်နေ့ ၁၄၃၀ အချိန်တွင် မတ္တရာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာ မြို့နယ်၊ လက်ကောင်းကြီးကျေးရွာအုပ်စု၊ ကံဖြူကျေးရွာအနီး၊ မန္တလေး-မိုးကုတ် ကားလမ်း၊ မိုင်တိုင်အမှတ်(၂၀/၀) နှင့် (၂၀/၁)အကြားတွင် PAJERO MITSUBISHI အမျိုးအစားမော်တော်ယာဉ်သည် မော်တော်ဆိုင်ကယ်တစ်စီးအား တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးရာ အဆိုပါမော်တော်ယာဉ်အား ၁၅၁၅ အချိန် စဉ့်ကူးမြို့နယ်၊ ရွှေဂုံတိုင်ကျေးရွာအုပ်စု၊ မကွေ့တစ်ရာကျေးရွာအနီးတွင် ယာဉ်မောင်းအားမတွေ့ရှိဘဲ ရပ်တန့်ထားသည်ကိုတွေ့ရှိသဖြင့်စစ်ဆေးရာ မော်တော်ယာဉ်ပေါ်ရှိ ဆာလာအိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက် များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၈.၈ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၈၈၀၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါယာဉ်မောင်းဖြစ်သူ သိန္နီမြို့နယ်၊ နမ်တုတ်ကျေးရွာနေ လဆိုင်း ၂၉ နှစ် အား ဇွန်လ ၂၅ ရက်နေ့ ၀၆၃၀ အချိန်တွင် မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာအနီး၊ မန္တလေး-မိုးကုတ် ကားလမ်းပေါ်တွင် ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့သဖြင့် စဥ့်ကူးမြို့နယ်၊ ထုံးကြီးနယ်မြေရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မံစီမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မံစီမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၅ ရက်နေ့ ၁၈၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မံစီမြို့နယ်၊ မံသာကျေးရွာနှင့် သံတံတား ကျေးရွာသွားကားလမ်းတွင် သံတံတားကျေးရွာဘက်မှ မံသာကျေးရွာဘက်သို့ မံစီမြို့နယ်၊ မောရဝတီရပ်ကွက်နေ ဘရန်နူးအာင် ၂၁ နှစ်မောင်းနှင်ပြီး ဂျိန်းဖောမြေရပ်ကွက်နေ မမွန်ဆန်ဂျာ ၂၆ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မမွန်ဆန်ဂျာ ဝတ်ဆင်ထားသည့် အနွေးထည်အကျႌအတွင်းမှ ပလတ် စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၅၃၅ ပြား(ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၅၀.၇ သိန်း)၊ မြန်မာငွေကျပ် ၄.၅၂ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မံစီမြို့ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment