Tuesday, June 23, 2020

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ကွတ်ခိုင်မြို့နယ်၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖျက်ဆီးသည့် အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကွတ်ခိုင်မြို့၊ ကချင်သင်္ချိုင်းကုန်းအနီး၊ အမှိုက်စွန့်ပစ်သည့်နေရာ၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က အမှာစကားပြောကြားပြီး မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်ထိန်လင်းက ဖမ်းဆီးရမိ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်အတူ တာဝန်ရှိသူတို့က ဖျက်ဆီးမည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို လိုက်လံကြည့်ရှုဖျက်ဆီးသည်။
ဇွန် ၂၆ ရက်တွင် ကျရောက်မည့် (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့၊ မြို့မရဲစခန်း၌ အမှုဖွင့်ထားသည့် မူးယစ်ဆေးဝါးအမှု စုစုပေါင်း(၅၅)မှုမှ ကာလတန်ဖိုး စုစုပေါင်း ၃ ဒသမ ၃၈ ဘီလီယံကျော်ရှိ သက်သေခံထိန်းချုပ်ဓာတုပစ္စည်း အမျိူးအစား စုစုပေါင်း (၄၇)မျိုးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းအမျိုးအစား စုစုပေါင်း(၅၀)မျိုးတို့ကို မြေကျင်းတူး၍ မြေမြုပ်ဖျက်ဆီးခြင်း ဖြစ်သည်။
အဆိုပါဖျက်ဆီးမည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ဇွန် ၂၀ ရက်မှ မေ ၁ ရက်အထိ ဖမ်းဆီးရမိခြင်းဖြစ်ပြီး မူဆယ်ခရိုင်၊ ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိနိုင်ရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် လားရှိုးမြို့တွင်လည်း ထပ်မံဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
Crd : ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

0 comments:

Post a Comment