Sunday, June 21, 2020

အိန္ဒိယမှာ နေ့စဉ်ပိုးကူးစက်ဦးရေ ဆက်လက် စံချိန်တင်မြင့်တက်နေပြီး ဆေးရုံဝန်ထမ်းတွေရဲ့ ခွင့်ရက်ကို ဖျက်သိမ်းဖို့ အစိုးရ အမိန့်ထုတ်

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆက်လက်မြင့်တက်နေပြီး စနေနေ့က ပိုးကူးစက်အရေအတွက် စံချိန်တင် ခုန်တက်ခဲ့ပြန်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ မြို့တော် နယူးဒေလီမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ခွင့်ရက်တွေကို ဖျက်သိမ်းဖို့နဲ့ ဝန်ထမ်းတွေကို ချက်ချင်း အလုပ်ခွင်ပြန်ဝင်ခိုင်းဖို့ အစိုးရက ယမန်နေ့မှာ ဆေးရုံတွေကို အမိန့်ထုတ် ညွှန်ကြားခဲ့ပါတယ်။
စနေနေ့မှာ ထပ်မံပိုးကူးစက်ဦးရေ ၁၄၅၁၆ ဦးရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၃၉၅၀၄၇ ဦးနဲ့ သေဆုံးသူ ၁၂၉၄၈ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အိန္ဒိယဟာ အမေရိကန်၊ ဘရာဇီး၊ ရုရှားတို့ပြီးရင် ကမ္ဘာမှာ ရောဂါ ကူးစက်ဖြစ်ပွားမှု စတုတ္ထမြောက် အမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။
သောကြာနေ့က အစိုးရ ဆေးရုံတွေအားလုံးကို ညွှန်ကြားစာပို့ခဲ့ရာမှာ ခွင့်ပေးထားမှု အားလုံးကို ဖျက်သိမ်းဖို့ ဒေလီအစိုးရက အမိန့်ထုတ်ခဲ့ပြီး မပေးမဖြစ်ဆုံး အခြေအနေမှသာလျှင် ခွင့်ထပ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။ ဒေလီနဲ့ မွမ်ဘိုင်းတို့လို အဓိက မြို့ကြီးတွေရှိ ဆေးရုံတွေမှာ လူနာဦးရေ အဆမတန်ဖြစ်လာစဉ် နိုင်ငံအတော်များများဟာ အိန္ဒိယမှာ ရောက်ရှိနေတဲ့ ၎င်းတို့နိုင်ငံသားတွေကို ပြန်လည် ခေါ်ထုတ်နေကြပါတယ်။
အိုင်ယာလန်ဟာ အိန္ဒိယရောက် ၎င်းတို့နိုင်ငံသားတွေကို နောက်ဆုံး သတိပေးချက်ထုတ်လာတဲ့ နိုင်ငံဖြစ်ပြီး အိန္ဒိယမှာ ပိုးတွေ့လူနာ ဆက်လက် မြင့်တက်နေတာကြောင့် ဆေးဝါးရရှိဖို့ အခက်အခဲဖြစ်လာနိုင်ကြောင်းနဲ့ နောက်သီတင်းပတ်တွေအတွင်း နေရပ်ပြန်ခေါ်ရေး လေကြောင်းခရီးစဉ်တွေမှာ လိုက်ပါဖို့ စဉ်းစားကြရန် တိုက်တွန်းခဲ့ပါတယ်။
ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ အိန္ဒိယရောက် သူတို့နိုင်ငံသားတွေကို ပြန်ခေါ်ခွင့်ပြုဖို့ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ယူကရိန်း၊ အစ္စရေး၊ တရုတ်၊ မလေးရှား အပါအဝင် နိုင်ငံများစွာက အိန္ဒိယအစိုးရကို တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Ref ; Akon Thi

0 comments:

Post a Comment