Thursday, June 18, 2020

အိန္ဒိယ-တရုတ်နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသတင်းမာမှုများလျှော့ချရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ

အိန္ဒိယနှင့်တရုတ်နိုင်ငံသည် အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုနှင့်ပတ်သက်၍ အချင်းချင်းပြစ်တင်ဝေဖန်လျက်ရှိသော်လည်း အငြင်းပွားနေသည့် Himalayan ဒေသတွင် တင်းမာမှုများ လျှော့ချရန် ဇွန်လ ၁၇ ရက်နေ့က သဘောတူ လက်ခံခဲ့ပါသည်။
နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် လက်သီးများ၊ ကျောက်တုံးများ၊ တုတ်များ ပါဝင်သည့် တိုက်ခိုက်မှုအပြီးတွင် ထိတ်လန့်တုန်လှုပ်မှုများ လျော့ကျစေရန် တယ်လီဖုန်းပြောဆိုခဲ့ပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့အကြား ဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်၍ AFP သတင်း ဌာနသို့ ပြောကြားရာတွင် အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များအား တိဘက်ကုန်းမြင့်ဒေသ နှင့် ဆန့်ကျင်ဘက်တွင်ရှိသည့် ဟိမဝန္တာတောင်တန်းဒေသရှိ တိုက်ပွဲဖြစ်ပွားရာနေရာ များတွင် တပ်ဖြန့်ထားကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံပိုင် CCTV ရုပ်သံလွှင့်ဌာန၏ ထုတ်လွှင့်မှုတွင် တိဘက်ကုန်းမြင့် ဒေသ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တင့်ကားများနှင့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေသည့် စစ်သည်များကို ပြသထားပါသည်။
တရုတ်နိုင်ငံသည် အိန္ဒိယ-တရုတ် နှစ်နိုင်ငံကြား ဆယ်စုများစွာအကြာမှ ပြန်လည် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် ၎င်း၏ တပ်ဖွဲ့များ သေဆုံးမှု ရှိ/မရှိကို အတည်ပြုရန် ငြင်းဆိုနေခဲ့ပါသည်။ သို့သော် အိန္ဒိယသတင်းမီဒီယာများမှ တရုတ်စစ်သည် အနည်းဆုံး ၄၀ ဦး သေဆုံး သို့မဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ ပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် Wang သည် အိန္ဒိယ နိုင်ငံအား သေချာစွာစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နှင့် တာဝန်ရှိသူများကို အပြစ်ပေးရန် တောင်းဆိုထားပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် လက်ရှိအခြေအနေကို မှားယွင်းစွာ မဆုံးဖြတ်သင့်ကြောင်းနှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာပိုင်နယ်မြေကို ကာကွယ်လိုသည့် PLA ၏ ခိုင်မာသောသဘောထားများကို လျှော့မတွက်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar မှ တရုတ်နိုင်ငံ၏ ပြောကြားမှုကို လက်မခံကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးအပေါ် များစွာ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မှန်ကန်သည့် လုပ်ဆောင် မှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံအား တိုက်တွန်းခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောကြားခဲ့ပါသည်။
သို့သော် Wang နှင့် Jaishankar တို့သည် တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ နှစ်နိုင်ငံအနေဖြင့် မြေပြင်ပေါ်ရှိ အခြေအနေများကို အမြန်ဆုံးငြိမ်သက်ရန် လုပ်ဆောင်မည်ဟု သဘောတူလက်ခံခဲ့ကြောင်း တရုတ်နိုင်ငံမှ ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ အိန္ဒိယ-တရုတ်နှစ်နိုင်ငံသည် ယခင် သဘော တူညီခဲ့သည့် တပ်ဖွဲ့များပြန် လည်ဆုတ်ခွာမှုကို အကောင်အထည်ဖော်မည်ဖြစ်ပြီး အခြေ အနေများ ပိုမိုဆိုးရွားလာစေရန် မည်သည့်လှုပ်ရှားမှုကိုမှ ပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံတွင် ဆန္ဒပြသူ အဖွဲ့ငယ်များ သည် တရုတ်သမ္မတရှီကျင့်ဖျင်၏ ပိုစတာ များကို မီးရှို့မှုများပြုလုပ်ခဲ့ပြီး တရုတ်ကုန်ပစ္စည်းများကို အသုံးမပြုရန် တောင်းဆိုခဲ့ ကြပါသည်။
ဇွန်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီမှ အိန္ဒိယနိုင်ငံအနေဖြင့် အိန္ဒိယစစ်သည်များ၏ သေဆုံးမှုကို အချည်းနှီး ဖြစ်စေလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment