Thursday, June 18, 2020

သထုံရွှေစာရံဘုရား အလှူခံပုံး ရိုက်ခွဲပြီး ငွေခိုးယူထွက်ပြေးသူကို ခိုးရာပါ ငွေကျပ် ၆ သိန်းကျော်နှင့်အတူ ဖမ်းမိ

မွန်ပြည်နယ်၊ သထုံမြို့ ကျက်သရေဆောင် ရွှေစာရံစေတီတော်မြတ်ကြီးရှိ အလှူခံပုံးအား ရိုက်ခွဲပြီး အလှူငွေများ ခိုးယူထွက်ပြေးသူကို ခိုးရာပါ ငွေကျပ် ၆ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သထုံမြို့မ ရဲစခန်းမှ သိရှိရသည်။
သထုံမြို့ ရွှေစာရံစေတီတော် မှန်စီဝတ်အတွင်းထားရှိသော ရွှေစာရံစေတီတော် ဘက်စုံပြုပြင်ရေး စာတမ်းပါ အလှူခံပုံးမှာ ဇွန် ၁၇ ရက် နေ့လည်ပိုင်းက ရိုက်ခွဲခံထားရပြီး အလှူငွေများ ပျောက်ဆုံးနေကြောင်း ဘုရားဂေါပကအဖွဲ့မှ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ဖမ်းမိတာက နေ့လည် ၂ နာရီလောက်မှာ မိတယ်။ ဂေါပကအဖွဲ့က ဘုရားအလှူခံပုံး ရိုက်ခွဲခံထားရပြီး အလှူငွေတွေ ပျောက်ဆုံးနေတယ်လို့ အကြောင်းကြားလာတော့ လိုက်လံစုံစမ်းတဲ့အခါမှာ ဆေးရုံလမ်းနားမှာ မှု ခင်းနှိမ်နင်းရေးဌာနက ရဲတပ်ဖွဲ့ဝင်တွေက မသင်္ကာလို့ ဆွဲထားတဲ့သူက ဘုရားအလှူခံပုံးက ငွေတွေ ခိုးယူလာသူလို့ သိရတယ်။ စစ်ဆေးတဲ့ အခါမှာလဲ ခိုးယူကြောင်း သိရတယ်။ အခုတော့ အမှုဖွင့် ဖမ်းဆီးထား ပါတယ်။ ''ဟု သထုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းထွန်းက ပြောသည်။
ဖြစ်စဉ်မှာ ရွှေစာရံစေတီတော် အလှူခံပုံး အဖောက်ခံရကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ စုံ စမ်း ရှာဖွေစဉ် သထုံမြို့ မင်းလမ်းဘက်မှ ဆေးရုံလမ်းဘက် လမ်းလျှောက်လာသူ ထင်အောင်ကျော်(ခ) သားကြီးကို မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ ထင်အောင်ကျော် (ခ) သားကြီး ၃၉ နှစ် (ဘ) ဦးမောင်မောင်ကျော် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ဒိုဘီကုန်းရပ်နေသူ ကိုင်ဆောင်လာသော လက်ဆွဲအိတ်ကို ရှာဖွေရာ မှန်ကွဲစအပိုင်း ၁၆ ခု၊ အ ရှည် ၆ လက်မခန့်ရှိ မှန်လိုင်နာသားရေမျှော ၁ ခု၊ ငွေစက္ကူရောရာ ၆၅၉၈၅၀ ကျပ်ကို တွေ့ရှိရသဖြင့် မေး မြန်းရာ သထုံရွှေစာရံဘုရားအတွင်း အလှူခံပုံးအား လက်ဖြင့် ရိုက်ခွဲကာ ခိုးယူလာကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဘုရားအလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူသူ ထင်အောင်ကျော် (ခ) သားကြီးကို သထုံမြို့မ ရဲစခန်းမှ (ပ) ၄၀၃/ ၂၀၂၀၊ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၀ /၅၄ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
Ref ; Myitmakha News Agency

0 comments:

Post a Comment