Friday, June 26, 2020

ရမ်းဗြဲမြို့နယ်တွင် မူလတန်းပြ ဆရာမ တစ်ဦးအား အဓမ္မပြုကျင့်၊ ပစ္စည်းယူ လူသတ်ခဲ့သူအား သေဒဏ်ချမှတ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ မူလတန်းပြဆရာမတစ်ဦးကို အဓမ္မပြုကျင့်ကာ ပစ္စည်းလုယူပြီး သတ်ပစ်ခဲ့တဲ့ တရားခံ ရွှေထူး(ခ) အေးချမ်းဆိုသူကို ကျောက်ဖြူခရိုင်တရားရုံးက ဇွန် ၂၅ ရက်မှာ သေဒဏ်အမိန့် ချမှတ်ခဲ့တယ်လို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

မူလတန်းပြဆရာမတစ်ဦးဟာ ၂၀၁၈ ဒီဇင်ဘာ ၁၀ ရက်မနက်က နေအိမ်မှ ၁ မိုင်ကျော်လောက်ဝေးတဲ့ အတွင်းပြင်အုပ်စု တောင်ရွာကျေးရွာ (အ.မ.က)ကျောင်းကို ကျောင်းတက်ဖို့ လမ်းလျှောက်ပြီးသွားရာမှာ ကျောင်းကို ၁၂ နာရီအချိန်ထိ ရောက်မလာလို့ ကျောင်းအုပ်ဆရာမကြီးက မိဘတွေထံ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။
ဆရာမရဲ့ ဖခင်ဖြစ်သူက သမီးပျောက်ဆုံးနေတာကိုသိရှိခဲ့ပြီးနောက် လိုက်လံရှာဖွေရာမှာ သပြေကျွန်းကျေးရွာအနီး ကားလမ်းမဘေးရှိချောင်းဘေးကမ်းမှာ လည်ပင်းညိုမဲဒဏ်ရာ၊ မအင်္ဂါစပ်သွေးထွက်ဒဏ်ရာတို့ရရှိကာ သေဆုံးနေတာကိုတွေ့ရှိခဲ့တာပါ။
အဓမ္မပြုကျင့်ကာ ဖုန်းနဲ့နားကပ်တွေကိုလုယူပြီး သေဆုံးအောင် ရိုက်နှက်ခဲ့သူအား စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ဆရာမရဲ့ဖခင်ဖြစ်သူက ရမ်းဗြဲမြို့နယ် လေးတောင်ရဲစခန်းမှာ တရားလိုပြုလုပ်ကာတိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။
အဆိုပါအမှု ကျူးလွန်သူ ရွှေထူး(ခ) အေးချမ်းကို ကျူးလွန်ပြီး ၂၄ နာရီအတွင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့အဖွဲ့က ယူသွားတဲ့ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှုတို့နဲ့ အမှုဖွင့်လှစ်ကာ ကျောက်ဖြူခရိုင်တရားရုံးမှာ ၂၀၁၉ ဇန်နဝါရီ ၁ရက်က စတင်စစ်ဆေးခဲ့ပါတယ်။
အမှုမှတရားလိုပြသက်သေ ၃၀ ဦးကိုစစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်မှာ ပြစ်မှုကျူးလွန်သူ ရွှေထူး(ခ)အေးချမ်းကို ကျောက်ဖြူခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ-၃၀၂(၁)(ဂ)အရ ပြစ်မှုထင်ရှားတဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်အမိန့်ကို ချမှတ်ခဲ့တာလို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကျော်ကျော်ဝင်းက ပြောပါတယ်။
သတင်း-နောင်နောင်
Crd : DVB

0 comments:

Post a Comment