Saturday, June 20, 2020

သင်္ဃန်းကျွန်း၊ မလိခအိမ်ရာ နောက်ဖေးလမ်းကြား၌ ပုလင်းခွံ ဗူးခွံ ကောက်သည့် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်၊ မလိခအိမ်ရာ အတွင်းရှိ နောက်ဖေးလမ်းကြား၌ (ပုလင်းခွံ ဗူးခွံ )ပလုံကောက်သည့် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မိတ်ဆွေကောင်းနာရေး ကူညီမှုအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန် ၂၀ရက်) နံနက် ၉ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်၊ မလိခအိမ်ရာအတွင်းရှိ နောက်ဖေးလမ်းကြား၌ အသက် ၂၈နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း ပတ်ဝန်းကျင်က တွေ့ရှိ၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ အသိပေးအကြောင်းခဲ့ကြောင်း မိတ်ဆွေကောင်းနာရေးကူညီမှုအသင်းမှ ဦးလှစန်းက စံတော်ချိန်သို့ ပြောသည်။
" မနက် ၉နာရီလောက်မှာ ပတ်ဝန်းကျင်က နောက်ဘေးလမ်း ကြားမှာပက်လက်လှန်ပုံစံနဲ့ သေဆုံးနေတဲ့အနေအထားကို တွေ့တဲ့အတွက်သတင်းပေးလာတာပါ။ဖြစ်တာကတော့ ရေစက်တွေရှိတဲ့ နောက်ဖေးလမ်းကြားမှာပါ "ဟု ဦးလှစန်းက ပြောသည်။
သေဆုံးသူ၏ ဘယ်ဘက် ခြေဖမိုး၌ လောင်ကျွမ်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။
" သူက ဓာတ်လိုက်ပြီးသေဆုံးတာပါ။ နောက်ဘေးလမ်းကြားမှာ အဝီစိ လေမှုတ်စက် မောင်းထားတဲ့ အချိန်မှာ သူက ကျော်ပြီးနင်းတော့ သွယ်တန်းထားတဲ့ သံပိုက်နဲ့ ထိပြီး ဘယ်ဘက်ခြေခုံပေါ်မှာ လောင်သွားတဲ့ ပုံပါပဲ။သူ့စီမှာ ပလုံကောက်တဲ့ အိပ်တစ်လုံးလည်း ပါလာတယ်။ ပြီးတော့ ဓာတ်မီးတစ်လုံးပါတယ်"ဟု ကူညီဆောင်ရွက်ခဲ့သူ ဦးလှစန်းက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား သင်္ဃန်းကျွန်း၊ စံပြဆေးရုံကြီးသို့ မိတ်ဆွေကောင်းနာရေးကူညီမှုအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Crd : The Standard Time

0 comments:

Post a Comment