Wednesday, June 17, 2020

မြန်မာသံရုံး တိုကျိုမြို့မှ ဒုတိယအကြိမ်ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အသိပေးချက် (၂၈)

မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ မေတ္တာရပ်ခံချက်အရ တိုကျိုမြို့မှ ရန်ကုန်မြို့သို့ ဒုတိယအကြိမ်ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ တတိယပါတ်ခန့်တွင် ထပ်မံပြေးဆွဲပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရထံ တင်ပြဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့်၊ခွင့်ပြုချက်ရရှိပါက All Nippon Airways ရုံးချုပ်နှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ အောက်ပါ အချက်များကို ထပ်လောင်းအသိပေးအပ်ပါသည်-
(က) မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများအနေဖြင့် မြန်မာသံရုံး၏အီးမေးလ် labour@myanmar-embassy-tokyo.net သို့ အသိပေးချက်(၂၇) တွင် တောင်းခံထားသည့် အချက်အလက်များကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၈)ရက် ၁၂၀၀ နာရီ နောက်ဆုံး ဆောလျင်စွာပေးပို့ကြပါရန်။
(ခ) ယင်းသို့အီးမေးလ်ဖြင့်ပေးပို့ရာတွင် Passport ၏ ဓါတ်ပုံပါ စာရွက်မိတ္တူ၊ ဗီဇာ သက်တမ်းပါစာရွက်မိတ္တူ၊ ဂျပန်နိုင်ငံနေထိုင်ခွင့် ကဒ်ပြားမိတ္တူနှင့် All Nippon Airways (ANA) လေယာဉ်လက်မှတ်မိတ္တူတို့ကိုလည်း တစ်ပါတည်း ပူးတွဲပေးပို့ ပါရန်။ All Nippon Airways (ANA) လေယာဉ်လက်မှတ် လက်ဝယ်မရှိပါက လည်း မရှိသေးပါကြောင်း ဖော်ပြပေးပါရန်။
(ဂ) မြန်မာသံရုံးမှ ANA လက်မှတ် လက်ဝယ်မရှိသူများအား ရောင်းချပေးနိုင်ပါရန် All Nippon Airways ရုံးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ (ခရီး သည်များစာရင်းကိုအတည်ပြုပြီးပါကလက်မှတ်ရောင်းချပေးမည့်နေရာကို ထပ်မံ အသိပေးသွားမည် ဖြစ်ပါသည်။)
(ဃ) ဒုတိယအကြိမ်ကယ်ဆယ်ရေးလေယာဉ်အတွက် ခွင့်ပြုချက်ရရှိပါက ပျံသန်းမည့် နေ့ရက်နှင့်ခရီးစဉ်အသေးစိတ်ကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။ (ထို့ကြောင့် All Nippon Airways ရုံးသို့ ဆက်သွယ်မေးမြန်းမှု မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
(င) မြန်မာသံရုံးသို့ ဆက်သွယ်ပေးပို့သည့်အခါ တောင်းခံထားသည့် သတင်းအချက် အလက်များ (Quarantine နေရာနှင့် မြန်မာနိုင်ငံလိပ်စာအပါအဝင်) ပြည့်စုံမှသာ ခရီးစဉ်တွင် လိုက်ပါနိုင်မည်ဖြစ်ပါသဖြင့် အချက်အလက်များ ပြည့်စုံစွာ ပေးပို့ပေး ပါရန် ထပ်လောင်း နှိုးဆော်အပ်ပါသည်။
(စ) မြန်မာသံရုံးအနေဖြင့် အချက်အလက်များလက်ခံမှုကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၈)ရက် ၁၂၀၀ နာရီတွင် ရပ်နားမည် ဖြစ်ပါသဖြင့် အချိန်မီ ပြည့်စုံစွာ ပေးပို့ကြ ပါရန် ထပ်လောင်း အသိပေးအပ်ပါသည်။
မြန်မာသံရုံး
တိုကျိုမြို့။
၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်။
Crd : Embassy of the Republic of the Union of Myanmar, Tokyo #Myanmar_Online_News

0 comments:

Post a Comment