Friday, June 19, 2020

ပုသိမ်ဆေးရုံကြီးတွင် တရုတ်နိုင်ငံပြန် ၁ ဦး ဆွဲကြိုးချ သေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဇွန် ၁၇ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံကပြန်လာပြီး ဆေးကုသမှုပြုလုပ်ပေးနေတဲ့ အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါအမျိုးသားဟာ တရုတ်နိုင်ငံကနေ ဇွန် ၁၆ ရက်နေ့က ပုသိမ်မြို့ကို ရောက်ရှိလာတာဖြစ်ပြီး ပုသိမ်တက္ကသိုလ်ရှိ နန္ဒဆောင်မှာ အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ ပြုလုပ်စဉ်လာခေါ်တဲ့ ကားပေါ်မှာပါလာတဲ့ ဘရိတ်ဆီကိုသောက်ခဲ့တာကြောင့် ဆေးရုံကြီးကို ခေါ်ဆောင် ကုသပေးနေစဉ်မှာ ဆွဲကြိုချသေဆုံးခဲ့တာလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။
ကြိုးဆွဲချသေဆုံးခဲ့တဲ့ အမျိုးသားဟာ ဆေးရုံကို ဇွန်လ ၁၆ ရက်နေ့ ညပိုင်း ရောက်ရှိစဉ်အချိန်က စတင်ကာ စိတ်မငြိမ်ဘဲ အော်ဟစ်တာတွေ နံရံတွေကို ထုတာတွေ ပြုလုပ်တာကြောင့် စိတ်ရောဂါဆရာဝန်နဲ့ ပြသပြီး ဆေးကုသတာတွေပြုလုပ်ပေးနေပြီး ဒုတိယ မြောက်ညမှာ ဆွဲကြိုးချသေဆုံးခဲ့တာပါ။
သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့ သရောင်းချောင်းမီးသင်္ဂြိုဟ်စက်မှာ ဘုန်းကြီး ၅ ပါးပင့်ဆောင်ကာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသားသေဆုံးတာနဲ့ ပတ်သက်ပြီး ဆေးရုံအုပ်ကြီးက မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားပေးခဲ့သလို ရဲတပ်ဖွဲ့ကလည်း သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

0 comments:

Post a Comment