Friday, June 26, 2020

ဝေဖန်မှုများမြင့်တက်နေသော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါရပ်ရှိ ဒေါက်တာဇော်မြင့်မောင် လမ်းအမည်ပေးမှု ပြန်လည်ဖျက်သိမ်းမည်ဖြစ်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါရပ်တွင် ဒေါက်တာဇော်မြင့်မောင် ဟူသော လမ်းအမည်ပေးမှုအပေါ် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများရှိလာပြီးနောက် အဆိုပါလမ်းအမည်ကို ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဒေါက်တာဇော်မြင့်မောင် ဟူသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် အမည်ကို လမ်းအမည်ပေးထားသည့် နေရာမှာ ၁၉၉၀ ခုနှစ်က ပုဂံမြို့သစ်နှင့် ညောင်ဦးသို့ လမ်းဖောက်လုပ်မှုကြောင့် ဖယ်ရှားခံခဲ့ရသူများကို မြေယာအစားပြန်လည် ချထားပေးရန် မြို့သစ် အကွက်ဖော်ဆောင်ထားသည့် နေရာဖြစ်ပြီး အဆိုပါအကွက်များသို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကွင်းဆင်းကြည့်ရှု့ကာ ပေ ၃၀x၅၀ အကွက်များ ချထားဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ လမ်းအမည်ပေးမှုမှာ အကွက်နေရာရရှိရေး ဆောင်ရွက်သည့် မြင်းကပါရွာ ဒေသခံ ၁၉ ဦး ကော်မတီမှ မှည့်ခေါ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ပေးမှုအပေါ် ရှေးဟောင်းသုတေသနဌာနနှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရသည်။
“ဒါက တရားမဝင် မြေအမျိုးအစား မဟုတ်ဖူး ။နဂိုကတည်းက ကျေးရွာမြေအဖြစ် အတည်ပြု သတ်မှတ်ပြီးသား။ ၁၉၉၀ ကတည်းက မြေသိမ်းမိန့် အမှန်တကယ်ရှိခဲ့တာကို ပြည်သူတွေလက်ထဲ အခုမှ ပြန်လည်ရောက်ရှိ နေထိုင်ခွင့်ရတာပါ ။အဲဒီအတွက်တော့ ဝန်ကြီးချုပ်နဲ့တကွ လုပ်ဆောင်ပေးခဲ့သူတွေကို ကျေးဇူးတင်တယ် ။ ဒီလို လမ်းအမည် ဆိုင်းဘုတ်ပေါ်လာတာတော့ သိပ်ပြီး နားမလည်ဘူး ”ဟု မြင်းကပါဒေသခံ ကိုစိုးမိုးက ပြောသည်။
ယင်းသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အမည်ဖြင့် လမ်းအမည် ပေးထားမှုအပေါ် လူမှုကွန်ရက် စာမျက်နှာများတွင် သမိုုင်းဝင်ရွာကြီးထဲက ခေတ်သစ်သူရဲကောင်းဟူ၍ လည်းကောင်း၊ မနူဟာရယ် သနားလိုက်တာ ၊ ရာဇကုမာရ်ရယ် အားနာပါပေ့ ဟူ၍ လည်းကောင်း ဝေဖန်ရေးသားမှုများ ရှိခဲ့သည်။ ထို့အပြင် နီပေါတွေ အနီကြောင်တွေ အနုရာဓသမိုင်း မင်းတို့ကြောင့် ရိုင်းသွားပြီကွ ဟူ၍လည်း ရေးသားဝေဖန်မှုများ ရှိခဲ့သည်။
ထိုသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လမ်းဟု အမည်ပေးထားမှုနှင့် ပတ်သက်၍ ပုဂံဒေသခံ ကိုမျိုးဆက်စံက “အဲဒီနေရာက မြင်းကပါရွာရဲ့ ကွက်သစ်ပေါ့ ။ အခု NLD လက်ထပ်ကျမှ လူနေအဆောက်အဦးတွေ ချပေးတာပေါ့ ။မြင်းကပါရွာရဲ့ အရှေ့ဖျားမှာရှိတယ်။ ဘာနဲ့နီးလဲဆို ရှင်အရဟံသိမ်တော်တို့နဲ့ နီးတယ် ။ ပြောရရင် အဲဒီနားမှာ အမွေအနှစ်တွေ ရှိတယ်ပေါ့။ မြေကွက် အရေအတွက်က ၉၆ ကွက်ရှိတော့ မြင်းကပါမှာ ၉၆ ၊ ၉၆ လို့ပဲ လူပြောများနေတဲ့နေရာ ။ အဲဒီ ၉၆ ကွက်မှာ ၁၉ ဦးကော်မတီ ဆိုတာရှိတယ် ။ ဒီလမ်း ဖြစ်ပေါ်လာတာကလည်း အဲဒီကော်မတီကနေ ညောင်ဦး NLD ပါတီကို စာတင်တယ် ။ညောင်ဦး NLD ကနေမှ တိုင်းဒေသကြီးကို စာတင်တယ်လို့ သိရတယ် ။ ဒါပေမယ့် တိုင်းဒေသကြီးက ဆုံးဖြတ်ချက်ကို အကြောင်းမပြန်ရသေးပဲ သူတို့ဘာသူတို့ စာတင်ပြီးသားဆိုပြီး လုပ်လိုက်တာ။ ပြောမယ်ဆိုရင် ဒီ အနုရာဓရ် ဆိုတာ အခုမှသာ မြင်းကပါ ဖြစ်သွားတာ ။အနုရာဓရ်ရွာ ဆိုတာ ရွာကြီး ၁၉ ရွာနဲ့ အစပြုခဲ့တဲ့ ပုဂံရဲ့ ရွာကြီးတစ်ရွာ ။ တကယ့် သမိုင်းကြီးတဲ့ ရွာကြီး ဖြစ်တယ်။ အဲဒီတော့ ဝန်ကြီးချုပ်ကို ဘယ်လိုမှ သဘောထားလို့ ပြောတာမဟုတ်ဖူး ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြောင်းလဲချင်လို့ ကျွန်တော်တို့လည်း NLD ကို မဲပေးခဲ့တာပဲ ။ ဒါပေမယ့် ပြောစရာရှိရင်တော့ ကျွန်တော်တို့ မဲပေးခဲ့တဲ့သူဆိုပြီး ညှာနေလို့ မရဘူး ။ အခုဖြစ်နေတာက NLD လုပ်ရင် ကြိုက်သလိုလုပ် ပြည်သူအတော်များများက ခေါင်းငြိမ့်နေကြတာ ။ အခုဟာက ဒေါက်တာဇော်မြင့်မောင်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မဟုတ်ဖူး ။ ဒေါက်တာဇော်မြင့်မောင်လမ်း ဆိုတာကြီးကတော့ ဒီလို သမိုင်းကြီးတဲ့ ရွာကြီးမှာ အသုံးမပြုသင့်သေးဘူးလို့ သုံးသပ်တယ် ။သုံးချင်ရင် ရာဇကုမာရ်တို့ ၊ အပယ်ရတနာတို့ ၊ မနူဟာမင်းတို့ အစရှိသဖြင့် မြင်းကပါရဲ့ အထင်ကရနာမည်တွေ အများကြီးရှိပါတယ် ။အဲလို နာမည်တွေ သုံးလိုက်စမ်းပါ။ လက်ခံပါတယ် ။ အမည်ပေးတဲ့ပုဂ္ဂိုလ်ရဲ့ နာမည်လွဲနေတာကို ထောက်ပြတာ ။ တစ်ခြား စံပယ်လမ်းတို့ သဇင်လမ်းတို့ ပေးရင်ကို လက်ခံသေးတယ် ။ နောက်ပြီး ဒေါက်တာဇော်မြင့်မောင်က ပုဂံနဲ့ ပတ်သက်တဲ့သမိုင်း ဘာမှမရှိဘူး ။ ဘာမှမရှိတဲ့အပြင် သူ့လက်ထက်မှာ အမွေအနှစ်တွေနဲ့ မလွတ်ကင်းတဲ့ နေရာတွေမှာ ခွင့်ပြုမိန့်တွေ ပေးနေတဲ့ သူတစ်ယောက်ရဲ့ နာမည်ကို ခုလို သုံးလိုက်တယ်ဆိုတာကြီးက တော်တော် ရာဇဝင်ရိုင်းသွားတယ်လို့ မြင်မိတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
ထိုသို့ ဝန်ကြီးချုပ်အမည်ဖြင့် လမ်းအမည် ဖြစ်ပေါ်လာခြင်းမှာ မြင်းကပါရွာ ၉၆ ကွက် ဖော်ဆောင်ရေး ဆောင်ရွက်ခဲ့သူများအနေဖြင့် ကျေးဇူးရှိသည့် သဘောရိုးဖြင့်သာ မှည့်ခေါ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည့်ကာလတွင် ၄င်းတို့ကြောင့် အထက်တာဝန်ရှိလူကြီးများ စိတ်အနှောက်အယှက် မဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။
“၁၉၉၀ တုန်းက လန ၃၉ ကျထားတဲ့ မြေပေါ့ဗျာ ။ ပုဂံမြို့သစ် ရွှေ့ပြောင်းတဲ့ ကာလတုန်းကပေါ့ ။ ထို့နည်းတူစွာပဲ ကျွနတော်တို့ မြင်းကပါမှာ ပုဂံမြို့သစ်နဲ့ ညောင်ဦးကို ကားလမ်းဖောက်တာကနေ မြို့လယ်ရပ်ကွက်မှာ လမ်းနဲ့ မလွတ်တဲ့အိမ်တွေ ဖျက်ပေးလိုက်ရတယ် ။ အဲဒီအတွက် နိုင်ငံတော်က မြေကွက်အစားပေးတာ ။ ကျွန်တော်တို့ ပြည်သူတွေကတော့ ဒေါက်တာဇော်မြင့်မောင်ကနေ ဥပဒေအရ ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့သဘောနဲ့ လုပ်တာပါ။ လက်ရှိ ဝန်ကြီးချုပ်ကြီးရဲ့ ကျေးဇူးကြောင့် ခံစားရတာကိုး ။ရပ်ကွက်သူ ရပ်ကွက်သားတွေက အဲဒီစိတ်ကူးနဲ့ ဒီနာမည်ကို ပေးဖြစ်တာ ။ အခုချိန်မှာ ဝန်ကြီးချုပ်ကြီးက ဒါကြီးတော့ မပေးပါနဲ့ဆိုလို့ အခု ပြန်ပြောင်းပြီး ပေးရမယ့်သဘော ဖြစ်နေပြီး ပြန်ဖျက်ပေးသွားဖို့ လုပ်နေတယ် ။ ဝန်ကြီးချုပ်က ပြန်ဖျက်ပါလို့ ပြောတာ မဟုတ်ပေမယ့် တမျိုးဖြစ်မှာစိုးတယ်နဲ့ တူပါတယ် ။ နောက်ပြီး အခုလို လုပ်ဆောင်တာကိုတော့ သဘောကျကြောင်းနဲ့ ကုန်ကျစရိတ်ကိုတောင် ထောက်ပံ့ပေးချင်ပါတယ်တဲ့ ။ အခုတော့ နာမည်အသစ်တစ်ခု ပြောင်းဖို့ စဉ်းစားနေကြတယ် ။ကျွန်တော်တို့ကတော့ ကျေးဇူးတင်ထိုက်တဲ့သူကို ကျေးဇူးတင်တဲ့သဘောနဲ့ ရေးသားမိတဲ့အပေါ် အပြစ်တင်ရေးသားတာတွေကိုတော့ စိတ်မကောင်းဘူးပေါ့။လောလောဆယ်တော့ နာမည်ကို ဖျက်ထားမှာပါ ။ ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန် အခုလိုကိစ္စကြောင့် စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူး” ပုဂံမြင်းကပါရွာ ၉၆ ကွက် ၁၉ ဦးကော်မတီအဖွဲ့ဝင် ရပ်မိရပ်ဖ ဦးဝင်းကို က ပြောကြားသည်။
Crd : Eleven

0 comments:

Post a Comment