Tuesday, June 9, 2020

ဒေါ်စိန်မြဦးအပေါ် အကြမ်းဖက်မှုများ မည်၍မည်မျှကျူးလွန်ခဲ့သလဲဆိုသည်ကို AA အကြမ်းဖက်အဖွဲ့ကိုယ်တိုင်သာအသိဆုံးဟု ချင်းအမျိုးသမီးများကွန်ယက် ဆို

မင်းပြားမြို့နယ် သိုင်းကျပ်ကျေးရွာမှ အသက် ၅၀ကျော်အရွယ် ဒေါ်စိန်မြဦးအပေါ်စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မည်၍မည်မျှ ကျူးလွန်ခဲ့သလဲဆိုသည်ကို AA ကိုယ်တိုင်သာ အသိဆုံးဖြစ်သည်ဟု ချင်းအမျိုးသမီးများကွန်ယက်မှ ဒေါ်ခင်ဝင်းရီ ကပြောကြားသည်။
တပ်မတော်အား ရိက္ခာသယ်ယူပေးသည်ဟူသော စွပ်စွဲချက်ဖြင့် ဒေါ်စိန်မြဦးအပါအဝင် အမျိုးသားသုံးဦး အား AA အကြမ်းဖက်အဖွဲ့က တစ်လကျော်ကြာဖမ်းဆီးထိန်းသိမ်းထားပြီးနောက် မေလ ၃၁ နေ့တွင် ပြန်လွှတ်ပေးခဲ့ရာ ဒေါ်စိန်မြဦးမှာ AAလက်မှလွတ်မြောက်ပြီးနောက် ဆေးရုံသို့ တက်ရောက်၍ ဆေးကုသမှုခံယူနေရင်းဇွန်လ ၃ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။
AA အကြမ်းဖက်အဖွဲ့ကမူ ဒေါ်စိန်မြဦးသေဆုံးခြင်းမှာ ၎င်းတို့၏ ပယောဂ မပါဝင်ကြောင်းနှင့် ဖမ်းဆီးထားစဉ်အတွင်းညှဉ်းပန်းနှိပ်စက်မှုများမပြုလုပ်ကြောင်း၊ ဒေါ်စိန်မြဦး တွင် နှလုံးရောဂါအခံရှိသည်ဟု ထုတ်ပြန် သည်။
ချင်းအမျိုးသမီးများကွန်ယက်ကမူ AA အဖွဲ့၏ ထုတ်ပြန်ချက်ကိုလက်မခံပေ။ဒေါ်စိန်မြဦးပတ်ဝန်းကျင်တွင် နေထိုင်သည့်သူများ၏ပြောပြချက်အရ သူမသည်ကျန်းမာသန်စွမ်းသော အမျိုးသမီးတစ်ဦးဖြစ်သည်ဟုသိရကြောင်း၊ ထို့ကြောင့် AA အဖွဲ့၏ ထုတ်ပြန်ချက် သည် တာဝန်မဲ့သောလုပ်ရပ်ဖြစ်သည်ဟု ဒေါ်ခင်ဝင်းရီက ပြောကြားသည်။
ဒေါ်ခင်ဝင်းရီက " နှလုံးရောဂါရှိနေတဲ့ အမျိုးသမီးတစ် ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကနေ ဖမ်းပြီးတော့ တောထဲမှာ တစ်လကျော်ကြာထိန်းသိမ်းထားတယ်။ ဒီလိုထိန်းသိမ်းထားတဲ့အချိန်မှာ သူရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက ဘယ်လောက်အထိပြင်းထန်တယ်ဆိုတာ။ အားလုံးကလည်းစဉ်းစားလို့ရမှာပါ" ဟု ဆိုသည်။
AA လက်မှလွတ်မြောက်လာသော ဒေါ်စိန်မြဦးသည် မကွယ်လွန်ခင်အချိန်၌ သာမန်စိတ်များပျောက်ဆုံးသွားသည့်အပြင် အသက်ရှူလမ်းကြောင်း ပုံမမှန်ခြင်း နှင့်ကြောက်ရွံ့တုန်လှုပ်ခြောက်ခြားနေသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုခံစားခဲ့ရပြီး သူမ၏ ကိုယ်ပေါ်တွင် လည်း အညိုအမဲစွဲနေသောဒဏ်ရာများကို တွေ့ရှိရသည်ဟု ချင်းအမျိုးသမီးများကွန်ယက်၏ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။
" အမျိုးသမီးတစ်ယောက်ကို တောထဲမှာတစ်လကျော် ကြာထိန်းသိမ်းခံထားရတယ်ဆိုတော့ သူပြန်ရောက်လာတဲ့အချိန်မှာ နဂိုမူလစိတ်တွေ မရှိတော့ဘူး။ သာမန်စိတ်တွေ ပျောက်ဆုံးနေတယ်ဆိုကတည်းကတော်တော်လေးကို သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နေတယ်ဆိုတာ သေချာသွားပြီ" ဟု ဒေါ်ခင်ဝင်းရီက ပြောကြားသည်။
ဒေါ်စိန်မြဦး၏ ခန္ဓာကိုယ်ပေါ်တွင် အညိုအမဲစွဲနေသည့်ဒဏ်ရာများကိုကြည့်ခြင်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုရှိသည်မှာ ပေါ်လွင်နေကြောင်း ချင်းအမျိုးသမီးများကွန်ယက် က ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
`သူရဲ့လက်မှာ အညိုအမဲရာတွေရှိတယ်ဆိုတာ သိရတယ်။ ပြီးတော့ ကျောဖက်မှာ အညှိအမဲကွက်တွေရှိတယ်ဆိုတာ သိရတယ်။ ခြေထောက်နှစ်ဖက်မှာ အညိုအမဲကွက်တွေရှိတယ်ဆိုတာသိရတယ်။ ဆိုတော့။ဒါဆိုရင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရှိတယ်။ စိတ်ပိုင်းဆိုင်ရာတင်မဟုတ်ဘူး။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု။ ဒီလိုမျိုးအကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ သူကိုယ်တိုင်ကတော့ အသိဆုံးဖြစ်တယ်` ဟု ဒေါ်ခင်ဝင်းရီ က ပြောကြားသည်။
ထို့ကြောင့် AA အနေဖြင့် ဒေါ်စိန်မြဦး သေဆုံးမှုမှာ မိမိတို့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်သည့် ကြေညာချက်သည် လွန်စွာတာဝန်မဲ့သည့် လုပ်ရပ်အဖြစ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသည်ဟု ချင်းအမျိုးသမီးများကွန်ယက်၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
AA အဖွဲ့သည် စစ်ဖက်နှင့်မသက်ဆိုင်သည့် အရပ်သားများ၊ ဝန်ထမ်းများနှင့် နိုင်ငံရေးပါတီမှပုဂ္ဂိုလ်များအား မကြာ ခဏဆိုသလို ဖမ်းဆီးလေ့ရှိပြီး၊ ဘူးသီးတောင် NLD ဥက္ကဋ္ဌဦးရဲသိန်းမှာ AA ဖမ်းဆီးထားစဉ်အတွင်း သေဆုံးခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက AA ဖမ်းဆီးသွားသည့်ပလက်ဝမြို့ စည်ပင်သာယာရေးကော်မတီဝင် ဦးမြင့်မောင်နှင့် မြို့ခံနှစ်ဦးတို့၏ သတင်းမှာလည်း ယခုအထိ အစအနပင်မရသေးကြောင်း သိရသည်။
Ref ; The Ladies News

0 comments:

Post a Comment