Sunday, June 21, 2020

AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် လုံခြုံရေးကို အစိုးရနှင့်တပ်မတော်က ရာနှုန်းပြည့် အာမခံ

AA ရခိုင်တပ်တော်အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် လုံခြုံရေးကို အစိုးရနှင့် တပ်မတော်က ရာနှုန်းပြည့် အာမခံကြောင်း နိုင်ငံတော်သမ္မတရုံးဦးဇော်ဌေးက ဇွန်လ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် အစိုးရတွေ့ဆုံရန် ကိုဗစ် ၁၉ရောဂါကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်မရှိသည့်အခါမှ တွေ့ဆုံနိုင်မည်ဟု မြောက်ပိုင်းအဖွဲ့များက အကြောင်းပြန်ထားကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။
“ကိုဗစ်၁၉ ဒီခရီးသွားလာမှုကန့်သတ်ချက်တွေမရှိတော့မှ တွေလို့အဆင်ပြေမယ်လို့ ကျွန်တော်တို့ကို ထုတ်ပြန်ထားတယ်။ အဲဒီတော့ ကျွန်တော်တို့က ကန့်သတ်ချက်တွေရှိနေရင်းတောင်မှ ဆွေးနွေးမှုကမပြတ်ဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ သဘောထားက မြေပြင်အခြေအနေအရပေါ့နော်။ သွားလို့လာလို့မရဘူး။ ဟုတ်ပြီ အဲဒါဆိုရင် ကျွန်တော်တို့ အွန်လိုင်းမှာတွေ့ပေါ့။ ဆွေးနွေးလို့ရတာပဲ။ ဒါမျိုးပေါ့။ အဲဒီအပေါ်မှာမှဒါကကျွန်တော် တို့က တရားဝင်အစည်းအဝေးပွဲ မဟုတ်သေးဘူး။ Informal သွားမယ်။ အဲဒီမှာပွင့်ပွင့်လင်းလင်း ကျေကျေ လည်လည်ပြော ပြောပြီးမှ နှစ်ဦးနှစ်ဖက်အလာအလားတွေကောင်းတယ်။ ဘုံသဘောတူညီချက်ရနိုင်တယ်ဆိုရင် တရားဝင်ဆွေးနွေးပွဲသွားမယ်။ အဲဒါကို ကျွန်တော်တို့လုပ်ထားတာ” ဟု ၎င်းကပြောဆိုသည်။
မြောက်ပိုင်းအဖွဲ့များသည် တရုတ်နိုင်ငံအတွင်း ကိုဗစ် ၁၉ကြောင့် ကန့်သတ်ချက်များရှိနေသည့်အတွက် မြန် မာနိုင်ငံတွင် တွေ့ဆုံရန် လာရောက်ရာတွင် အခက်အခဲရှိနေခြင်းကြောင့် အွန်းလိုင်းမှ ဆွေးနွေးရန် အစိုးရက မြောက်ပိုင်းအဖွဲ့များကို ကမ်းလှမ်းခဲ့သော်လည်း တွေ့ဆုံရန်အဆင်မပြေကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဦးဇော်ဌေးကပြောဆိုသည်။
“ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့က ငြိမ်းချမ်းရေးလမ်းဖွင့်ထားတယ်။ တံခါးမပိတ်ထားဘူး။ အမြဲတမ်းပဲဖွင့်တယ်။ အမြဲတမ်းလည်းဖိတ်ခေါ်တယ်။ သူတို့ဘက်လည်း ငြိမ်းချမ်းရေးလမ်းကို လျှောက်ချင်တဲ့ စိတ်ရင်းစေတနာအမှန်တကယ်ရှိဖို့လိုတယ်။ ခေါင်းဆောင်တွေမှာ ရှိဖို့လိုတယ်။ ညှိနိူင်းဆွေးနွေးနေတဲ့သူမှာ ရှိဖို့လိုတယ်။ အထူးသဖြင့် အဲငြိမ်းချမ်းရေးကို မသွားရင်တောင်မှ အနိမ့်ဆုံးအားဖြင့် အပစ်ခတ်ရပ်စဲရေးပိုင်းကို ဆန္ဒရှိဖို့လိုတယ်။ တိုက်ပွဲတွေမဖြစ်ဖို့ အဲဒီမှာရှိတဲ့ ဒေသခံပြည်သူတွေ ဒုက္ခမရောက်ဖို့ ဒါကိုတကယ် စိတ်ရင်းစေတနာအမှန်ရှိဖို့လိုတယ်။ အဲဒီလိုမ မရှိတော့ ဘယ်လောက်ပဲ ကျွန်တော်တို့ဘက်က အဆိုပြုချက်တွေပေးပေး ကမ်းလှမ်းချက်တွေလုပ်လုပ် အဆင်ပြေမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးက တစ်ဖက်တည်းလုပ်လို့မရဘူး” ဟု ၎င်းကဆက်လက်ပြောဆိုသည်။
အဆိုပါ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်း(ပလောင်) တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်တပ်တော် (AA) တို့ပါဝင်ပြီး အစိုးရက AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည်။
သို့သော် လက်ရှိချိန်တွင် မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ဖြစ်သော TNLA၊ MNDAA၊ AA တို့နှင့် တပ်မတော်ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိပြီး ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသတွင် တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားမှုပိုမိုပြင်းထန်လျက်ရှိပြီး တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများ အပြစ်မဲ့အရပ်သားသေဆုံးမှုများလည်း များပြားလျက်ရှိသည်။
Ref ; Khit Thit Media

0 comments:

Post a Comment