Saturday, May 9, 2020

အိပန်ဆယ်လို(Pencilo) အကောင့်ပိုင်ရှင်အား ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည့်အမှုတွင် ကျန်ရှိသည့် တရားခံပြ သက်သေ လေးဦးကို စစ်ဆေးပြီးပါက မကြာမီအမိန့်ချမည်

Image may contain: 2 people

အိပန်ဆယ်လို(Pencilo) အကောင့်ပိုင်ရှင်အား ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည့် အမှုတွင် စွပ်စွဲခံရသူ အပါအဝင် တရားခံပြ သက်သေ လေးဦးသာ စစ်ဆေးရန် ကျန်ရှိပြီး စစ်ဆေးပြီးပါက မကြာမီ အမိန့်ချတော့မည် ဖြစ်ကြောင်း တာမွေမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး၊ သတင်းပြန်ကြားရေးအရာရှိ ဦးဝင်းဇော်ဦး၏ ပြောကြားချက်အရ မေ ၈ ရက်တွင် သိရသည်။

“၂၀၂၀ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ ပန်ဆယ်လို အကောင့်ပိုင်ရှင်ကို ပုဒ်မ ၆၆ (ဃ) နဲ့ စွဲချက်တင်ခဲ့တယ်။ လက်ရှိမှာတော့ စွပ်စွဲခံရသူ အပါအဝင် တရားခံပြသက်သေ လေးဦးပဲ စစ်ဆေးဖို့ ကျန်ပါတော့တယ်။ လေးဦးစလုံးကို စစ်ဆေးပြီးရင်တော့ တရားရုံးရဲ့ လုပ်ငန်းစဉ်အရတော့ အမိန့်ချဖို့ပဲ ကျန်တယ်။ လျှောက်လဲချက် ပေးတာ၊ မပေးတာကတော့ စွပ်စွဲခံရသူဘက်နဲ့ပဲ ဆိုင်ပါတယ်”ဟု တာမွေ မြို့နယ်တရားသူကြီး၊ သတင်းပြန်ကြားရေး အရာရှိ ဦးဝင်းဇော်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အမှုဖွင့်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ တရားလိုဖြစ်သည့် ဦးမောင်မောင်တာက ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ရင်ကြည်စားသောက်ဆိုင်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနေ့တွင် တရားလို ဦးမောင်မောင်တာက အိမ့်ပိုးဥ (ခ) ပန်ဆယ်လို အကောင့်ပိုင်ရှင်သည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်၌ ရိုက်နှက်ခံရသော ဘုန်းကြီးကိစ္စနှင့် ပတ်သက်၍ ဘာသာသာသနာညှိုးနွမ်းစေသည့် အသုံးအနှုန်းများကို ရေးသားပြောဆိုခဲ့ခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပတ်သက်၍ မဖွယ်မရာ ရေးသားဖော်ပြမှု၊ ဆရာတော် ဦးဝီရသူအား ပုတ်ခတ်ပြောဆို ရေးသားခြင်းတို့ကြောင့် တာမွေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အိမ့်ပိုးဥ (ခ) ပန်ဆယ်လို အကောင့်ပိုင်ရှင်အား ဦးမောင်မောင်တာက ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် တာမွေမြို့မရဲစခန်း၌ တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ရဲစခန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်၍ ရဲလုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးခဲ့ကာ ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် တာမွေမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ရှစ်ဦးကို တရားစွဲဆိုအဖွဲ့က တင်ပြခဲ့ပြီး တရားရုံးက သုံးဦးကို စစ်ဆေးခဲ့ရာ စစ်ဆေးပေါ်ပေါက်သဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Image may contain: 4 people, sky and outdoor
Photo : ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်း ခံထားရသည့် ပန်ဆယ်လို အကောင့်ပိုင်ရှင်က တာမွေရဲစခန်းတွင် လာရောက် စစ်ချက်ထွက်ဆိုအပြီး မီဒီယာများနှင့် တွေ့ဆုံနေသည်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်
Crd : Eleven

0 comments:

Post a Comment