Tuesday, May 12, 2020

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် တရားဟောဆရာ ဒေးဗစ်လား Hotel Quarantine မှ (Check Out)ထွက်သွားပြီဖြစ်ကြောင်း City Hotel Yangon က အတည်ပြု ပြောကြား


Image may contain: 2 people
ရန်ကုန်တိုင်းဒေသကြီးအစိုးရက သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည့် တရားဟောဆရာ ဒေးဗစ်လားသည် Hotel Quarantine မှ ထွက်သွားပြီဖြစ်ကြောင်း ၄င်းအား Quarantine ထားရှိခဲ့သည့် ဗိုလ်တစ်ထောင်မြို့နယ်မှ City Hotel Yangon အား မေ ၁၁ ရက် ညနေ ၅နာရီက ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဟိုတယ်တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။
“သူက ညတုန်းက Check out (မေ ၁၀ ရက်ည) လုပ်သွားတယ်။ သူက Check Out လုပ်မယ်ဆိုပြီး ထွက်သွားတာ ဟိုတယ်ပြောင်းသွားတာဖြစ်ရင်လည်းဖြစ်မှာပေါ့” ဟု တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ထို့ပြင် မေ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင်လည်း ဟိုတယ်အား ထပ်မံဆက်သွယ်ရာ ဒေးဗစ်လားသည် Hotel Quarantine ကထွက်သွားပြီဆိုသည်ကိုသာ ထပ်မံဖြေကြားသည်။

တရားဟောဆရာဒေးဗစ်လားသည် Hotel Quarantine ရက်ပြည့်သဖြင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဟုတ် မဟုတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများကို ဆက်သွယ်ရာတွင် လတ်တလောသိရှိသေးခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“အဲဒါကို ကျွန်တော်မသိသေးဘူးဗျ။ ဒီနေ့က အစည်းအဝေးတွေရှိတယ်။ ကျွန်တော်သိတာနဲ့ ပြန်ပြောမယ်။ ကျွန်တော်တို့ဆီကို ဘာသတင်းမှ မပို့သေးဘူး။ ကျွန်တော် မေးတာလည်း ဘယ်သူမှ မဖြေဘူး။ ကျွန်တော်တို့ သေချာ မသိသေးဘူး။ တိုင်းကျန်းမာရေးကို ဖုန်းဆက်တာလည်း မကိုင်သေးဘူး။ တစ်ခါတည်း တိုင်းကျန်းမာရေးကို ဆက်သွယ်ကြည့်ပါလား” ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ငံလင်းက ပြောကြားသည်။

“အဲ့ဒီကိစ္စဘာမှ မသိသေးဘူး။ Check Out လုပ်သွားတယ်ဆိုရင်လဲ သူ့ဘာသာ တာဝန်ယူလိမ့်မယ်။ Quarantine ပြည့်တယ် မပြည့်ဘူးက ကျန်းမာရေးကိုမေးမယ်။ ကျန်းမာရေးက ခွင့်ပြုလို့ Check Out ထွက်သွားတယ်ဆိုရင် ကျန်းမာရေးက ဆက်ပြီးတော့ ရှေ့ဆက်ဆောင်ရွက်မယ့် ကိစ္စတွေကို ဆောင်ရွက်လိမ့်မယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တိုင်းကျန်းမာရေးသို့ ဆက်သွယ်မေးမြန်းရန် ပြောကြားသဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်၍ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် သင်းအုပ်ဆရာအပါအဝင် လူလေး ဦးအား သက်ဆိုင်ရာမြို့နယ် ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း ဧပြီ ၁၄ရက်တွင် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကကြေညာ ထားသည်။

အဆိုပါ လေးယောက်အား သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၅ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီအတွင်းရေးမှူး ၂ ဦးမိုးဟိန်း က ပြောကြားထားသည်။

COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အသိပေးကြေညာချက်တွင် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ)၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ ဦးစောဒေဗစ် (ခ) ဦးစောဒေးဗစ်လား (တရားဟော ဆရာ)နှင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့လေးဦးအား ရောဂါဖြစ်ပွား စေနိုင်သည့် လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မရဲစ ခန်းနှင့် မရမ်းကုန်းမြို့မရဲစခန်းတို့တွင် အမှုဖွင့်ထားကြောင်း ဖော်ပြထားသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မူတစ်ခုခုကြောင့် ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ်ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

Source : Eleven

0 comments:

Post a Comment