Wednesday, May 13, 2020

COVID-19 အကြပ်အတည်းကာလအတွင်း အရေးပေါ် နှစ်ပတ်စာရိက္ခာများကို တစ်နိုင်ငံလုံး အတွက် ထပ်မံဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်နေ

Image may contain: 1 person, standing

COVID-19 ကြောင့် အကြပ်အတည်း ဖြစ်နေချိန် ကာလအတွင်း တစ်နိုင်ငံလုံးအတွက် အရေးပေါ် နှစ်ပတ်စာရိက္ခာ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

မေလ ၁၂ ရက်က နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အရန်ရိက္ခာ စားအုန်းဆီတန်ချိန် (၁၂၀၀၀) ဝယ်ယူရေး ညှိနှိုင်းအစည်းအဝေးတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အရေးပေါ်ရိက္ခာများတွင် အရေးကြီးသည့် ဆန်နှင့် ဆီ ဝယ်ယူရန် ဆောင်ရွက်နေပြီး ယခုကဲ့သို့ အကြပ်အတည်း ဖြစ်ချိန်တွင် တစ်နိုင်ငံလုံး၏ ရက်သတ္တ နှစ်ပတ်ခန့်စာ ရိက္ခာဆန် တန်ချိန် (၅၀၀၀၀) နှင့် ဆီတန်ချိန် (၁၂၀၀၀) ဝယ်ယူရန် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နိုင်ငံတော်အစိုးရက ရိက္ခာဖြန့်ဝေပေးသည့် ကိစ္စများတွင်လည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ အရန်ဆန် ဝယ်ယူရာတွင် ဈေးကွက်တည်ငြိမ်စေရန်အတွက် ပြည်ပဆန်တင်ပို့မှု ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို ပြည်ပတင်ပို့သည့် ကုမ္ပဏီများထံမှ ဝယ်ယူခဲ့ပြီး အရန်စားသုံးဆီကို ဈေးနှုန်းသင့်တင့်သည့် စားအုန်းဆီ ဝယ်ယူရန် ဆောင်ရွက်ခဲ့ကြောင်း ဒုဝန်ကြီးကပြောသည်။
ထို့ပြင် စားအုန်းဆီကို ပြည်ပမှ တင်သွင်းခြင်း ဖြစ်သလို ပြည်တွင်း၌လည်း ဆီကန်လုံလောက်မှု မရှိခြင်းကြောင့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အရေးပေါ်ရိက္ခာ ဆန်တန်ချိန် (၅၀၀၀၀) နှင့် စားအုန်းဆီတန်ချိန် (၁၂၀၀၀) တို့အား လိုအပ်သည့် အချိန်တွင် ဖြန့်ချိနိုင်ရေးအတွက် အရေးပေါ် ရိက္ခာဝယ်ယူခြင်းဖြစ်ပြီး စားအုန်းဆီတန်ချိန် (၁၂၀၀၀) ဝယ်ယူရေးအတွက် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။
စားအုန်းဆီသိုလှောင်ရန် နိုင်ငံတော်အနေဖြင့် ဆီသိုလှောင်ကန်များ မရှိသည့်အတွက် Jerry Can ဖြင့် ဝယ်ယူ သိုလှောင်ထားရှိရန် စီစဉ်ရခြင်းဖြစ်ပြီး ဝယ်ယူထားသည့် စားအုန်းဆီများအား Coronavirus Disease 19 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက် အတိုင်း တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများကို ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနှင့် အကြိမ်ကြိမ် ညှိနှိုင်းတိုင်ပင်ဆွေးနွေး၍ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်ရေး၊ အရန်ရိက္ခာ ဝယ်ယူရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Crd : TheFifthWaveNews

0 comments:

Post a Comment