Saturday, May 9, 2020

COVID-19 ကာကွယ်ရေးအတွက် အစိုးရနှင့် အပစ်ရပ်အဖွဲ့များအကြားး အချက် ၇ ချက်သဘောတူညီ

Image may contain: 8 people, indoor

အစိုးရ၏ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်တီသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသော အပစ်ရပ် ၁၀ ဖွဲ့နှင့် မေလ ၈ ရက်နေ့က ဆွေးနွေးကြသည်။

အဆိုပါ COVID-19 ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အွန်လိုင်းရုပ်သံ (Online Video Conferencing) ပုံစံဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားပြု ကိုယ်စားလှယ် ၂၀ ကျော်က ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး အချက် ၇ ချက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
အစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ EAO များနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က “ကျနော်တို့ဘက်ကတော့ ကျနော်တို့ကော်မတီတွေ အားလုံး တက်ပါတယ်။ သူတို့ဘက်ကလည်း EAO ခေါင်းဆောင်တွေတက်ကြပါတယ်။ ဒီဆွေးနွေးပွဲက ကောင်းပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
အစည်းအဝေးတွင် ရောဂါကာကွယ်ရေးထိန်းချုပ်ရေး အတွက် နည်းပညာပိုင်းဆိုင်ရာ ကိစ္စများ ၊ ပစ္စည်းပံ့ပိုးရေးကိစ္စများ အစရှိသည်တို့ကို အစိုးရနဲ့ EAO များအကြား အပြန်အလှန် ညှိနှိုင်းဆောင်ရွက် ကြရန်အပါအဝင် ရောဂါ ကုသနိုင်ရေး အတွက် အစိုးရနှင့် EAO များအကြား သတင်းအချက်အလက် ဖလှယ်ခြင်းနှင့် အနီးစပ်ဆုံး ဆေးရုံများသို့ ပို့ဆောင်ကုသရေးကို အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြောင်း ၎င်းက ဆိုသည်။
KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကလည်း အစိုးရ၏ ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် EAO များဆွေးနွေးပွဲသည် COVID-19 ကာကွယ်ရေးကို အစိုးရနှင့် EAO များ ပူးပေါင်းဆောင်ရွက်ရာတွင် မည်ကဲ့သို့အခြေခံမူများဖြင့် ညှိနှိုင်းဆောင်ရွက်ကြမည်ကို ဆွေးနွေးကြခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက “အဓိကတော့ ကိုဗစ် ကာကွယ်ကုသရေးပိုင်းမှာ EAO တွေနဲ့ နယ်စပ် ထိစပ်တဲ့ နေရာတွေမှာ ကိုယ့်နေရာကို ဝင်ထွက်တာတွေမှာ ဘယ်လိုမှတ်တမ်း မှတ်ရာယူပြီးတော့ ဘယ်လို သတင်းအချက်အလက်ဖ လှယ်ကြမလဲဆိုတဲ့ ကိစ္စတွေ။ တွေ့မယ်ဆိုရင်လည်း ဘယ်လို ပုံစံနဲ့ ညှိကြမလဲဆိုတာပါ” ဟု ပြောဆိုသည်။
EAO ထိန်းချုပ်နယ်မြေများမှ တဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံအတွင်း ဝင်ရောက် လာပါက ဝင်ရောက်လာသူများအား EAO အဖွဲ့များက စနစ်တကျမှတ်တမ်းတင်ထားပြီး မြန်မာနိုင်ငံအတွင်း ဆက်လက် ထွက်ခွာလာသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အစိုးရထံ ဖလှယ်ရန်လည်း သဘောတူညီခဲ့ကြောင်း အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ရှင်းပြသည်။
၎င်းက “COVID-19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအကူအညီ ရယူရေးကိစ္စကို နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်ရန် သဘောတူတာပေါ့။ နောက်တခုကတော့ ထိတွေ့လူနာ ရှာဖွေကူညီရေးကိစ္စပေါ့။ ထိတွေ့လူနာ ရှာဖွေရေးနဲ့ ပတ်သက်ပြီး အပြန်အလှန် သတင်းဖလှယ်ပြီးဆောင်ရွက်သွားဖို့လည်း သဘောတူညီခဲ့တယ်” ဟု ဆိုသည်။
အဆိုပါ သဘောတူညီမှုများနှင့် ပတ်သက်သည့် အသေးစိတ်လုပ်ငန်းအစီစဉ်ကို EAO တဖွဲ့ချင်းစီနှင့် သီးသန့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟုလည်း အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောသည်။
လာမည့် မေလ ၁၁ ရက် နံနက် ၁၀ နာရီတွင် အစိုးရ၏ ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ပြီး မွန်ပြည်သစ်ပါတီ (NMSP) နှင့်မူ မေလ ၁၂ ရက်တွင် ညှိနှိုင်းဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
Covid-19 ပူးပေါင်းဆောင်ရွက်ရေး သဘောထားရှိထားကြသော်လည်း မြေပြင်တွင် တပ်မတော်က EAO များ၏ ကျန်းမာရေး စစ်ဆေးရေးဂိတ်များကို လက်မခံသဖြင့် EAO တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ပြီး တင်းမာမှုများ ဖြစ်ပွားနေသည်လည်း ရှိသည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ ဒွဲလုံမြို့နယ်တွင် တပ်မတော်နှင့် KNU အကြား မေလ ၆ ရက်က အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်ကလည်း မွန်ပြည်နယ်၊ သထုံခရိုင်ရှိ KNU တပ်မဟာ (၁) စစ်ဆေးရေးဂိတ်ကို ဖယ်ရှားပေးရန် တပ်မတော်ဘက်က လာရောက်တားမြစ်ရာမှ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သေးသည်။
KNU အထွေထွေတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကမူ COVID-19 ကာကွယ်ရေး ဆောင်ရွက်စဉ် တပ်မတော်နှင့် စစ်ရေးတင်းမာမှုဖြစ်သည့် ကိစ္စများကို အစိုးရ၏ ညှိနှိုင်းပူးပေါင်းရေး ကော်မတီနှင့် KNU တို့ မတ်လ ၁၁ ရက်တွင် ညှိနှိုင်းဆွေးနွေးပါက ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းဆိုသည်။
“COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ” ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (EAO)များ ထိန်းချုပ်ထားသည့် ဒေသတွင်း နေထိုင်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ရည်ရွယ်ကာ ဧပြီ ၂၇ ရက်တွင် ဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်။
ယင်းကော်မတီတွင် အစိုးရနှင့် EAO များကြား သတင်း အချက် အလက် ဖလှယ်ရန်၊ EAO များနှင့် ပြည်နယ် အစိုးရကြား ပူးပေါင်းရေး ဆောင်ရွက်ပေးရန်၊ EAO ဒေသအတွင်း ရောဂါလက္ခဏာ ပြလာသူများ ရှိပါက စောင့်ကြပ်ကုသမှု ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရန် အပါအဝင် ရောဂါနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ပူးပေါင်းရေးဆောင်ရွက်ရန် စသည့် လုပ်ငန်းတာဝန် ၇ ရပ် ရှိသည်။
Image may contain: 10 people
Image may contain: 1 person, standing and outdoor
Image may contain: one or more people, tree, sky and outdoor
Crd : The Irrawaddy - Burmese Edition

0 comments:

Post a Comment