Sunday, May 10, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကျိုင်းတုံမြို့ရှိတပ်မတော်ဆေးရုံ၌ COVID-19 ရောဂါရှာဖွေရေး RT-PCR စက် တပ်ဆင်ထားရှိမှုအား ကြည့်ရှုပြီး ပြည်သူ့ဆေးရုံအတွက် ဆေးအထောက်အကူပစ္စည်းများလှူဒါန်း

Image may contain: 1 person, standing

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တပ်မတော်ဆေးရုံ၊ ဇီဝမော်လီကျူးဆိုင်ရာ ဓာတ်ခွဲခန်းတွင် ထားရှိတပ်ဆင်ထားသည့် COVID-19 ရောဂါရှာဖွေရေး RT-PCR (Thermocycle ROTOR GENE-6000) စက်တပ်ဆင်ထားရှိမှုနှင့် အသုံး ပြုပုံအဆင့်ဆင့်တို့အား လိုက်လံကြည့်ရှုကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇီဝမော်လီကျူးဆိုင်ရာ ဓာတ်ခွဲခန်းတွင် ထားရှိတပ်ဆင်ထားသည့် COVID-19 ရောဂါရှာဖွေ ရေး RT-PCR (Thermocycle ROTOR GENE-6000) စက်တပ်ဆင် ထားရှိမှုနှင့် အသုံးပြုပုံအဆင့်ဆင့်တို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် ဆေးရုံမှတာဝန်ရှိသူတစ်ဦးတို့က ရှင်းလင်းပြသကြသည်။ ထို့နောက် Quarantine ထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံ မှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများအား တွေ့ဆုံ၍ COVID-19ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းအထောက် အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ပြောကြားရာတွင် ရှမ်းပြည် နယ် (အရှေ့ပိုင်း)ဒေသသည် လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး အခြားနယ်မြေ ဒေသများနှင့် မတူညီ ကြောင်း၊ လေကြောင်းလမ်းသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြေးဆွဲရန်ခက်ခဲမှုများရှိကြောင်း၊ ထို့ပြင် ဤနယ်မြေသည် ထိုင်း၊ လာအို၊ တရုတ်နိုင်ငံ တို့နှင့်လည်း ဆက်စပ်လျက်ရှိပြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စည်းကမ်းပိုင်းတွင် တင်းကြပ်စွာကိုင်တွယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ သံသယလူနာများ၏ တို့ဖတ်နမူနာများ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရန်ပေးပို့ရာတွင် လမ်းခရီးအလွန်ကွာဝေးခက်ခဲခြင်း၊ ပို့ဆောင်စဉ် အချိန်ကာလကြာမြင့်သဖြင့် ကူးစက်မှုနှုန်းမြင့်လာနိုင်ခြင်းတို့ကြောင့် တပ်မတော်က ရောဂါရှာဖွေရေး RT-PCR (Thermocycle ROTOR GENE-6000) စက်ကို ကျိုင်းတုံမြို့၊ တပ်မတော်ဆေးရုံတွင် တပ်ဆင်ထားရှိဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်နယ်ဆေးရုံ အချို့တွင် ဆရာဝန်များမရှိဟုသိရှိရကြောင်း၊ အကယ်၍ အခက်အခဲများ ရှိပါက တပ်မတော်မှ ဆေးဝန်ထမ်းအဖွဲ့များဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို ရောဂါလက္ခဏာ ၈ မျိုးဖြင့် စစ်ဆေးပြီး မသင်္ကာဖွယ်တွေ့ ရှိသူ များအား အပူချိန်တိုင်းတာခြင်း၊ Test Kit ဖြင့် စစ်ဆေးခြင်း ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံသုံးနိုင်ငံနှင့် ထိစပ်နေသည့် နယ်မြေဖြစ်သည့်အတွက် ပိုမိုဂရုစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဝင်ပေါက်များကို စနစ်တကျ စစ်ဆေး ဆောင်ရွက်ရန်နှင့် နယ်စပ်မြို့များတွင် ဆရာဝန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ အခြေခံအချက် များကို လိုက်နာနိုင်အောင် ပညာပေးရမည်ဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့် အားနာနေ၍မရဘဲ ပြောဆိုရန် တာဝန်ရှိကြောင်း၊ တာဝန်ပေး၍မဟုတ်ဘဲ တစ်ဦးချင်းအသိဖြင့် တာဝန်သိသိဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါကူးစက် ခံထားရသူများကိုလည်း ကောင်းမွန်သောဆက်ဆံရေးဖြင့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးကြ ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြင့်ကျော်နှင့် ဆေးရုံ အုပ်ကြီး ဒေါက်တာလှဋ္ဌေးမင်းတို့က တပ်မတော်မှ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများကို ပြည်သူ့ဆေးရုံကြီးများ၊ တိုက်နယ်ဆေးရုံ၊ ပြည်နယ်ဆေးရုံ၊ ဘိုးဘွားရိပ်သာများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ ပေးအပ်လှူ ဒါန်းခြင်းများသည် ကျန်းမာရေးဝန်ထမ်းများအတွက် အားဖြစ်စေကြောင်းနှင့် တပ်မတော်မှ ဆေးပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများ လှူဒါန်းမှုများကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးအတွက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြု ပစ္စည်းများဖြစ်သည့် Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀၀ စုံ၊ Surgical Masks ၁၀၀၀၀ ခု၊ Goggles ၁၀၀ ခု၊ Surgical Gloves ၃၀၀၀ ခု၊ Bleaching Powder ၃ ပုံး၊ Non-Contact Thermometer ၅၀ ခု၊Hand Gel ၂၅၀ ဘူးနှင့် N 95 Mask ၅၀၀ ခုတို့နှင့် စားသောက်ဖွယ်ရာများအားပေးအပ်လှူဒါန်းရာ ဒေါက်တာမြင့်ကျော်နှင့် တာဝန်ရှိသူများက လက်ခံရ ယူကြသည်။
အဆိုပါ COVID-19 ရောဂါရှာဖွေရေး RT-PCR (Thermocycle ROTOR GENE-6000) စက်ကို ရှမ်းပြည် နယ် (အရှေ့ပိုင်း)မှ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓတ်ခွဲမှုဆိုင်ရာဌာနသို့ သံသယလူနာများ၏ တို့ ဖတ်နမူနာများ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရန် ပေးပို့ရာတွင် လမ်းခရီးအလွန်ကွာဝေးခက်ခဲခြင်း၊ သွားလာမှုအချိန်၊ နေရာ၊ လူ ကန့် သတ်ချက်များဖြစ်ပေါ်နေသည့်အတွက် ကျိုင်းတုံမြို့တွင် ထားရှိဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အချိန် ၃ နာရီ အတွင်း လူဦးရေ ၃၄ ဦးကို စစ်ဆေးပေးနိုင်ပြီး ၂၄ နာရီအတွင်း ပျမ်းမျှလူဦး ရေ ၂၀၀ ဝန်းကျင်ခန့် စစ်ဆေးပေးနိုင်ကြောင်း သိရှိရသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သီလ ဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း ကပ်လှူ ပူဇော်ကြကာ လက်ယာ ရစ် လှည့် လည်ပူဇော်ကြသည်။
ယင်းနောက် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်နေမှု အခြေအနေများနှင့် ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်မည့် ဆင်းတုတော်၊ ရုပ်ပွားတော်များ ထုဆစ်ရာတွင် လိုအပ်မည့် ကျောက်များထုတ်လုပ်၍ ကျောက်ဆစ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် တည်ထားကိုးကွယ်ထား ခြင်းဖြစ်ကြောင်း၊ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မဟာဗောဓိ စေတီတော်မြတ်ကြီး၏ ပုံစံအတိုင်းတည်ထားကိုးကွယ်မည်ဖြစ်ပြီး ဥာဏ်တော် အမြင့် ၁၀၈ ပေရှိမည်ဖြစ်ကာ ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနတို့ကို ထပ်မံတည်ထားကိုးကွယ်နိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည် ဆောက်ပူဇော်လျက်ရှိကြောင်း သတင်းရရှိသည်။
Image may contain: one or more people and outdoor
Image may contain: one or more people and people standing
Image may contain: one or more people, people standing, beard and outdoor
Image may contain: 1 person, cloud, sky and outdoor
သတင်းစဉ်

0 comments:

Post a Comment