Saturday, May 16, 2020

စစ်ကိုင်းမြို့က COVID 19လူနာမှာ စတုတ္ထအကြိမ် (Positive) ပိုးတွေ့ အဖြေထပ်ထွက်

Image may contain: outdoor

စစ်ကိုင်းပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အိန္ဒိယပြန်COVID 19 ပိုးတွေ့လူနာဟာ Negative (ပိုးမတွေ့)အဖြေထွက်ပြီးနောက် Positive(ပိုးတွေ့)အဖြေပြန်ထွက်တဲ့အတွက် မေ ၁၇ ရက်မှာ ထပ်မံစစ်ဆေးသွားမယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုထွန်းက ပြောပါတယ်။

“တတိယအကြိမ်မှာ ပိုးမတွေ့ဖြစ်ပြီး စတုတ္ထအကြိမ်မှာ ပိုးတွေ့ပြန်ဖြစ်နေလို့ ဆေးရုံက ပေးမဆင်းသေးပါဘူး။”လို့ ဒေါက်တာစုစုထွန်းက ပြောပါတယ်။
အသက် ၄၈ နှစ်အရွယ် အမျိုးသားဖြစ်သူ အဲ့ဒီလူနာဟာ ဧပြီ ၂၂ ရက်က သီတဂူဆရာတော်ရဲ့ အစီအစဉ်နဲ့ အိန္ဒိယနိုင်ငံမှ ပိတ်မိနေတဲ့ ရဟန်းသံဃာတွေ၊ လူပုဂ္ဂိုလ်တွေကို ပြန်လည်ပင့်ဆောင်ခေါ်ယူစဉ်က လိုက်ပါလာခဲ့သူဖြစ်ပါတယ်။
သူ့ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ၂၁ ရက် Quarantine ထားရှိစဉ် COVID 19ရောဂါပိုးရှိမရှိ ဓါတ်ခွဲအတည်ပြုစစ်ဆေးရာမှာ ပိုးတွေ့ရှိကြောင်း အဖြေထွက်ရှိခဲ့တာကြောင့် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးမှာ ထားရှိထားတာဖြစ်ပါတယ်။
အဲ့ဒီလူနာရဲ့ မိသားစုဝင်အပါအဝင် ကျန်တဲ့ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်အားလုံးကတော့ နှစ်ကြိမ်တိုင် Negative (ပိုးမတွေ့)အဖြေတွေထွက်ရှိတဲ့အပြင် ၂၁ ရက် အသွားအလာ ကန့်သတ်ရက်ပြည့်တာကြောင့် မေ ၁၃ ရက်ကပဲ နေရပ်အသီးသီးကို ပြန်ခွင့်ရကြပြီးဖြစ်တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အုပ်ချုပ်ရေးဆရာတော် ဒေါက်တာ ဥူးကုမာရက မိန့်ကြားပါတယ်။
COVID-19ရောဂါကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေပိတ်ထားရချိန် အိန္ဒိယနိုင်ငံမှာပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ရဟန်းသံဃာနဲ့ လူပုဂ္ဂိုလ် ၂၀၀ ကျော်ကို သီတဂူဆရာတော်ကြီးရဲ့အစီအစဉ်နဲ့ ပြန်လည်ပင့်ဆောင်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသား ရဟန်းသံဃာနဲ့ လူပုဂ္ဂိုလ် ၁၆၀ ကျော်ဟာ ဒီကနေ့ မေလ(၁၆)ရက်ညပိုင်းမှာ ပြန်လည်ရောက်ရှိမှာဖြစ်ပြီး မေ ၂၆ ရက်မှာလည်း အိန္ဒိယနိုင်ငံမှာ နောက်ထပ်ကျန်ရှိနေတဲ့ ရဟန်းသံဃာ ၆၇ ပါးကို ပြန်လည်ပင့်ဆောင်မယ်လို့ ဒေါက်တာဥူးကုမာရက မိန့်ကြားပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment