Monday, May 11, 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆေးအဖွဲ့များအား လုံခြုံရေးဆောင်ရွက်ပေးနေသောတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူများ ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများအား နိုင်ငံအတွင်း နယ်မြေအသီးသီးတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် မဟာကံကြီးရှင်ဘုရားတို့၌ မေ ၁၁ ရက်က ရောဂါကာကွယ်ရေးအထောက်အကူ ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများနှင့် ကျောက်တော်မြို့တွင်းလုံခြုံရေးကို ဆောင်ရွက်ပေးနေသည့် တပ်ဖွဲ့ဝင်များအား ညနေ ၅ နာရီခန့်တွင် ကစ္စပနဒီ တံတားအနောက်ဖက် မီတာ ၃၀၀ ခန့်အကွာအရောက်တွင် AA အကြမ်းဖက်အဖွဲ့များက ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၏ ညာဘက်လမ်းပုခုံးတွင်ထောင်ထားသော ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။
တပ်မတော်မှ COVID-19 ရောဂါကာကွယ်ရေးထိန်းချုပ်ကုသရေးလုပ်ငန်းများကို အမျိုးသားရေး၊ နိုင်ငံ့အရေးအဖြစ်သတ်မှတ်၍ ပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်နေချိန်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ ယခုကဲ့သို့ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာခြင်းသည် လက်မခံနိုင်ဖွယ်ရာဖြစ်ကြောင်းနှင့် ဒေသခံများ၏ အကျိုးအတွက် ဆောင်ရွက်နေမှုများကို နှောက်ယှက်ဖျက်ဆီးနေကြခြင်းပင်ဖြစ်သည်။
အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြံုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source - သက်ဦး

0 comments:

Post a Comment