Friday, May 15, 2020

အစိုးရမှ CNG အပြည့်အဝ ထောက်ပံ့ပေးနိုင်ပါက YBS ကားများပေါ် လူကြပ်သည့်ကိစ္စ လျော့နည်းသွားနိုင်ဟု အကြံပြု

Image may contain: sky and outdoor

အစိုးရအနေဖြင့် CNG အပြည့်အ၀ ထောက်ပံ့ပေးနိုင်ပါက YBS ယာဉ်များပေါ်တွင် လူကြပ်သည့်ကိစ္စ လျော့ နည်းသွားနိုင်ကြောင်း အများပြည်သူသုံး YBS ဘတ်စ်ကားများ စီမံခန့်ခွဲရသည့် တာဝန်ခံ ဦးအောင်ညီညီမော်က အကြံပြု ပြောသည်။

မေ ၁၅ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ညီညီမော်(အများပြည်သူသုံး YBS ဘတ်စ်ကားများအား စီမံခန့်ခွဲရသည့် တာဝန်ခံ) နှင့် Public Transportation and Covid – 19 Prevention ဆိုင်ရာကိစ္စရပ်များ အပြန်အလှန်ဆွေးနွေး ခြင်းအစီအစဉ်တွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။
'' အစိုးရက CNG ကူညီထောက်ပံ့ပေးမှု လုပ်ပေးစေချင်ပါတယ်။ CNG ရမယ်ဆို ကား ပိုပြီး ထွက်လာမယ်။ ကားများများ ထွက်လာရင် ခရီးသည်က ပိုပြီး ပြန့်သွားမယ့် အနေအထားရှိတယ်။ ရုံးတက် ရုံးဆင်းချိန်တွေမှာလည်း ခရီးသည်တွေ ပြုံသွားတဲ့အခါ ကားကို စိတ်စိတ် မလွှတ်ဘူးလားဆိုတော့ စိတ်စိတ်လွှတ်တယ်။ ဒါပေမဲ့ ထွက်နိုင်မယ့် ကားအစီး အရေအတွက် အင်မတန်နည်းတယ်။ နိုင်ငံတော်အစိုးရနေနဲ့ CNG ကို အ ပြည့်အဝ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ကားအစီးအရေ ပိုများများ ဆွဲခိုင်းလို့ ရပါတယ်။ နောက် ကားပေါ်မှာ လူကြပ်တဲ့ ကိစ္စတွေလည်း လျော့နည်းသွားနိုင်တယ် " ဟု ‌ဦးအောင်ညီညီမော်က ပြောသည်။
ယင်းအပြင် YBS ယာဉ်များအား ဝန်ထမ်းအကြိုအပို့ ယာဉ်များအဖြစ် အသုံးပြုပါက YRTA အနေဖြင့် ညှိုနှိုင်းဆောင်ရွက်ရန် ပိုမိုအဆင်ပြေနိုင်ကြောင်း ၎င်းက ပြောသည်။
'' ဥပမာ BPI စက်ရုံက ဧပြီလ ၇ ရက်က စပြီး ဒီနေ့အထိ မော်တော်ယာဉ်ကြီး ၁၅ စီးကို သူတို့ဝန်ထမ်း ၄၀၀ ကြိုပို့ ဖို့အတွက် YRTA နဲ့ ညှိုနှိုင်းပြီးတော့ ကြိုပို့ယာဉ်အဖြစ် စီစဉ်ပေးထားတာ ရှိပါတယ်။ ဒီလိုပုံစံမျိုး လုပ်နိုင်မယ်ဆိုရင် စက်ရုံ အလုပ်ရုံတွေကို သွားနေတဲ့ ဝန်ထမ်းတွေကို ကြိုပို့ ပေးနိုင်တယ် '' ဟု ဦးအောင်ညီညီမော်က ဆက်လက် ပြောကြားသည်။
YRTA အနေဖြင့် Covid-19 ရောဂါ မတိုင်မီကာလတွင် နေ့စဉ် YBS ယာဉ် အစီးရေ ၄၅၀၀ ခန့် ပုံမှန်ပြေးဆွဲပေးခဲ့ပြီး ခရီးသည် စုစုပေါင်း ၁ ဒသမ ၈ သန်း မှ ၂ ဒသမ ၅ သန်းအထိ နေ့စဉ် သယ်ယူပို့ဆောင်ပေးခဲ့သည့် အခြေအနေရှိခဲ့ကြောင်း ၎င်းက ပြောသည်။
သင်္ကြန်ကာလအတွင်း ရုံးပိတ်ရက်များတွင် ခရီးသည်ဦးရေ လျော့နည်းမှုကြောင့် ယာဉ်အစီးရေ ၅၀၀ ခန့်မျှ ပြေးဆွဲပေးခဲ့ကြောင်း ယခု ရုံးပြန်ဖွင့် ကာလတွင် ယာဉ်အစီးရေ ၁၃၀၀ မှ ၂၅၀၀ အတွင်း ပြေးဆွဲပေးလျှက်ရှိပြီး ခရီးသည် ဦးရေ စုစုပေါင်း တစ်သိန်းမှ သုံးသိန်းအထိ နေ့စဉ်ပျမ်းမျှ သွားလာနေလျှက်ရှိကြောင်း သိရသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment