Saturday, May 9, 2020

ကုသရေးလုပ်ငန်းများနှင့်ဆေးရုံလုပ်ငန်းကိစ္စရပ်များ ပိုမိုတိုးတက်ကောင်းမွန်လာရေး အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

Image may contain: text

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုအချိန်မှစ၍ (၂၀၂၁) ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ လာမည့်(၁၁)လတာခန့် ကာလအတွင်းတွင် ပြည်သူများအား အရည်အသွေးပြည့်ဝသော ကုသရေးဝန်ဆောင်မှုများပေးနိုင်ရန် ဝန်ကြီးဌာန၏ကုသရေးလုပ်ငန်းများနှင့် ဆေးရုံလုပ်ငန်းကိစ္စရပ်များကို ပိုမိုတိုးတက်ထိရောက်ကောင်းမွန်လာရေးအတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ အချိန်နှင့် အခြားစွမ်းအားစုများ၏ (၆၅) ရာခိုင်နှုန်းကို အသုံးပြု၍ အလေးပေး အားထုတ်ဆောင်ရွက်သွားပါမည်။

အရည်အသွေးပြည့်ဝသော ဆေးနှင့်ဆေးပစ္စည်းများကို သင့်လျော်မှန်ကန်စွာ ရွေးချယ်ဝယ်ယူရေး၊ လိုအပ်သောနေရာသို့ လိုအပ်သောပစ္စည်းများကို အချိန်မီဖြန့်ဖြူးရေးနှင့် ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် တိုးတက်ကောင်းမွန် ရေးတို့အပါအဝင် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူထောက်ပံ့ရေးစနစ် တစ်ရပ်လုံး တိုးတက် ကောင်းမွန်စေရန် ဦးစားပေးဆောင်ရွက်သွားပါမည်။
ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုဝန်ထမ်းများ အပါအဝင် ကုသရေးနှင့် ဆေးရုံပိုင်းဆိုင်ရာ ဝန်ထမ်းအမျိုးမျိုး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေးအတွက် လေ့ကျင့်သင်ကြားခြင်းများကို Mobile Tablet များအသုံးပြု၍ E-learning စနစ်ဖြင့်လည်းကောင်း၊ မဖြစ်မနေလက်တွေ့ သင်ကြားပြသရမည့် ဘာသာရပ်များအတွက် ဆေးတက္ကသိုလ် (၁) ရှိ ဆေးပညာ ကျွမ်းကျင်မှု၊ ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန၌လည်းကောင်း၊ ဆေးရုံများ၌ လည်းကောင်း ဆောင်ရွက်မည်ဖြစ်ပါသည်။ ထိုသို့လေ့ကျင့်သင်ကြားမှုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ တက္ကသိုလ် (၁၆) ခု၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆေးရုံကြီးများမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ပညာရှင်အသီးသီးတို့၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ၊ အစားအသောက်နှင့်ဆေးဝါး ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာဝန်ဆောင်မှုများ၊ တိုင်းရင်းဆေးပညာဆိုင်ရာဝန်ဆောင်မှု များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များ၊ အားကစားနှင့်ကာယပညာပိုင်း ဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်ထိရောက်စေရေးကို အထောက် အကူပြုသော သုတေသနများကိုလည်း ဆေးသုတေသနဦးစီးဌာနနှင့် ပေါင်းစပ်၍ ပိုမို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပြည်သူ့ကျန်းမာရေးကဏ္ဍ၌ ဆောင်ရွက်နေမှုများသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအနေဖြင့် လက်ခံနိုင်သော အတိုင်းအတာတစ်ခုသို့ ရောက်ရှိနေပြီဟု ထင်မြင် ယူဆပါသည်။ သို့ရာတွင် ယခုအခြေအနေကို ဆက်လက်ထိန်းသိမ်းထားရုံသာမက ပိုမို တိုးတက်စေရန်အတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်ပါမည်။

ကုသရေးကဏ္ဍနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍနှစ်ခုလုံးတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တိုက်ဆိုင်စစ်ဆေးသည့်စာရင်း (checklist) များ အသုံးပြု၍ စောင့်ကြည့်ခြင်းနှင့် သုံးသပ်ခြင်းတို့ကို အမြဲပုံမှန်ဆောင်ရွက်ရန် လိုအပ်ရုံသာမက အခါအားလျော်စွာ လွတ်လပ်သောပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်းကောင်း၊ တာဝန်ပေးခြင်းဖြင့်လည်းကောင်း ဆန်းစစ်သုံးသပ်မည်ဖြစ်ပါသည်။
Image may contain: text
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Ref : Ministry of Health and Sports, Myanmar #Myanmar_Online_News

0 comments:

Post a Comment