Thursday, May 14, 2020

မန္တလေး၌ ဖျော်ဖြေရေး လုပ်ငန်းများမှလွဲပြီး ကျန်လုပ်ငန်းများ ပြန်ဖွင့်နိုင်၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ဆက်ရောင်းရမည်ဖြစ်ကြောင်း ခေတ္တဝန်ကြီးချူပ်ပြောကြား

Image may contain: outdoor and nature

မန္တလေးမြို့၌ COVID-19 ကာလအတွင်း တချို့လုပ်ငန်းများ ယာယီပိတ်ထားရန် အမိန့်ထုတ်ပြန်ထားပြီး ဖျော်ဖြေရေး လုပ်ငန်းများမှလွဲပြီး ကျန်လုပ်ငန်းများအား ပြန်လည် ဖွင့်လှစ်လုပ်နိုင်ကိုင်နိုင်မည်ဖြစ်သော်လည်း စားသောက်ဆိုင်များ ပါဆယ် စနစ်ဖြင့်သာ ဆက်လက်ရောင်းချနေရဦးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ခေတ္တဝန်ကြီးချူပ် ဦးဇာနည်အောင် ကပြောသည်။

ယခု ၁၆ ရက် နောက်ပိုင်းမှ စတင်ကာ ဖျော်ဖြေရေး လုပ်ငန်းများဖြစ်သည့် ကေတီဗွီ၊ အနှိပ်ခန်းများ စသည့်လုပ်ငန်းများမှ လွဲပြီး ကျန်လုပ်ငန်းအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက်များနဲ့ အညီ စီစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
“ အခုလည်းပဲ နေ့တိုင်းပဲ ကွင်းဆင်းပြီး တွေ့ရှိချက်တွေ ပြန်တင်ပြစီစစ်ပြီးတော့ လုပ်ငန်းတွေ ပြန်လည် ဆောင်ရွက်နေကြပြီ။ စားသောက်ဆိုင်တွေ အားလုံးကတော့ အခုလက်ရှိ ကျင့်သုံးနေတဲ့ ပါဆယ် စနစ်၊ ပါဆယ် စနစ်တွေကို ဆက်လက်ကျင့်သုံးဖို့ပါပဲ ” ဟု ဦးဇာနည်အောင်ကပြောသည်။
ထိုအတူ လူစုလူဝေး ဖြစ်စေနိုင်သည့် ကိစ္စရပ်များအပြင် ဘုရားကျောင်းကန်များ၌ လူအများဖြင့် ဝတ်ပြုဆုတောင်းခြင်းများကို ခွင့်မပြုသေးကြောင်း၊ ဟိုတယ်နှင့် အင်းများကို သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း ဖွင့်လှစ်ခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ (ဟိုတယ်တွေ) စံသတ်မှတ်ချက်တွေနဲ့ မညီညွတ်ဘူးဆိုရင် ကိုဗစ်ကူးစက်တဲ့ အန္တရယ်ရှိတဲ့အတွက် ဖွင့်ခွင့် ဆက်ကြိုးစားရမှာပေါ့။ စံသတ်မှတ်ဆိုတာကလည်း အလုပ်သမား အလုပ်သမားတွေကော အလုပ်ရှင်တွေကော ဖြည့်စွက်ဆောင်ရွက်ကြဖို့ပါပဲ ” ဟု ဦးဇာနည်အောင် ကပြောသည်။
တိုင်းအစိုးရက COVID-19 ကူးစက်ပြန့်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခရီးသွားလာခွင့်များအပါအဝင် စက်ရုံ၊ အလုပ်ရုံတချို့နှင့် လုပ်ငန်းတချို့ကို မေ ၁၅ ရက်နေ့အထိ ယာယီပိတ်ထားရန်တားမြစ်မိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။ ယင်းတားမြစ်မိန့်များအား အစိုးရက ပြန်လည် ဖြေလျော့ပေးရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
ခရီးသည်တင်ယာဉ်များ ဝင်ထွက်ခွင့်ကို တိုင်းအစိုးရက တားမြစ်ထားဆဲဖြစ်သော်လည်း Covid-19 ရောဂါကာကွယ်၊ ထိန်းချူပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်များအတိုင်းသာ ဆက်လက်လုပ်ဆောင်မည့်ဟု ဦးဇာနည်အောင် ကပြောသည်။
“ ရောဂါ ကာကွယ်တဲ့ လုပ်ငန်းဆိုတာ လူစုလူဝေး မဖြစ်ပေါ်အောင်ဆောင်ရွက်ကြရတယ်။ လူတွေ ရွေ့လျားမှုများရင် ကူးစက်မှုကို အားပေးတယ်။ ဒါကြောင့် မဖြစ်မနေ ကိစ္စကလွဲရင်တော့ ဒီလိုအချိန်အခါမှာ လူတွေ ရွေ့လျားနေတာ ကူးစက်မှုကို တားဆီးဖို့ အတွက်ကတော့ မကောင်းဘူး ” ဟု ၎င်းကပြောသည်။
မန္တလေးတိုင်းအစိုးရက ညမထွက်ရ တားမြစ်အမိန့်တွင် မေ ၁၆ ရက်နေ့မှ စတင်ကာ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအစား ည ၁၂ နာရီမှ နံနက် ၄ နာရီသို့ ပြောင်းလဲ ဖြေလျော့ သတ်မှတ်ပေးထားသည်။
“ ပါဆယ် စနစ်နဲ့ ရောင်းရတယ် ဆိုပေမယ့် တကယ်က အရောင်းအဝယ် မကောင်းဘူး။ ဆိုင်မှာ အဝယ်ကျလာတဲ့ အခါကျရင် လူစုလူဝေး ဖြစ်တယ်ဆိုပြီးတော့ ဒဏ်ငွေ ဆောင်ရတာလည်း ရှိတယ်။ တချို့ကလည်း ဝယ်ထားတဲ့ ကုန်တွေ ရှိတော့ ပါဆယ် ရောင်းတယ်။ တချို့ကတော့ လုံး၀ မရောင်းသေးဘူးဆိုပြီး ပိတ်ထားတာလည်း ရှိတယ် ” ဟု ချမ်းမြသာစည်မြို့နယ် အတွင်း စားသောက်ကုန် ရောင်းချသူ တစ်ဦးကပြောကြားခဲ့သည်။
Image may contain: sky, skyscraper and outdoor
Source : Myanmar Times

0 comments:

Post a Comment