Thursday, May 14, 2020

ကော့သောင်းမြို့တွင် တရားလွှတ်တော် ရှေ့နေတစ်ဦးအပါအဝင် သုံးဦးကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့်ဖမ်းဆီးရမိ

ကော့သောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသတင်းအရ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူနှစ်ဦးအပါအဝင် ကွင်းဆက်ဟုဆိုသူ ရှေ့နေတစ်ဦးကိုသက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မေ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲချိန်တွင် ကော့သောင်းမြို့ အောင်သုခရပ်ကွက်နေ ဖြိုးလွင်ဦး ၏နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ကော့သောင်း မူးယစ်တပ်ဖွဲ့စု (၃၄) မှ ဒုရဲအုပ် ဇင်မိုးဦးနှင့် အဖွဲ့ က ဝင်ရောက်ရှာ ဖွေခဲ့သည်။
အဆိုပါအိမ်တွင် ဖြိုးလွင်ဦးနှင့်အတူ ဇော်ဝင်းခက်(ခ)ရွှေအိုးစည်ကိုတွေ့ရှိပြီး ဖြိုးလွင်ဦး၏ အိပ်ခန်းအတွင်း ဘီဒို အံဆွဲအတွင်း ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WY ဆေးပြား ၁၇၅၅၀ (တန်ဖိုး ကျပ်သိန်း ၅၂၆ ဒသမ ၅)ကို သိမ်းဆည်းရမိခဲ့သည်။
ဖြိုးလွင်ဦးကို စစ်ဆေးချက်အရ ကော့သောင်းမြို့သီရိမြိုင်ရပ်ကွက်နေ ရှေ့နေ မယဉ်နွယ်သိန်းထံမှ ဝယ်ယူခဲ့ကြောင်း သိရသဖြင့် သွားရောက်ရှာဖွေရာ မယဉ်နွယ်သိန်း နေအိမ်အတွင်း မူးယစ်ဆေးဝါး တစ်စုံတစ်ရာမတွေ့ရှိခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဖြိုးလွင်ဦး၊ ဇော်ဝင်းခက် (ခ) ရွှေအိုးစည်နှင့် ကွင်းဆက်အဖြစ် ဖမ်းဆီးခဲ့သူ ရှေ့နေ မယဉ်နွယ်သိန်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် ဖမ်းဆီးကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
Crd : The Myanmar Times

0 comments:

Post a Comment