Saturday, May 9, 2020

လေးမျက်နှာတွင် ဘုရားတည်ရန် အုတ်ဂူဟောင်းဖျက်ရာမှ ခြောက်လုံးပြူးသေနတ်နှင့် လက်ပစ်ဗုံးတွေ့ရှိ

Image may contain: food

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ နှမ်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးမှာ မေ ၈ ရက်နေ့ မနက်ပိုင်းက ကျေးရွာဘုရားတည်ဖို့ အုတ်ဂူဟောင်းကို ဖျက်ရာမှ ခြောက်လုံးပြူး ၁ လက်နဲ့ လက်ပစ်ဗုံး ၁ လုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာဘုန်းတော်ကြီးကျောင်းနဲ့ ပေ ၁၀၀ လောက်အကွာမှာ ပျက်စီးနေတဲ့ အုတ်ဂူကို နဂါးရုံဘုရားတည်ဖို့ ကျောင်းထိုင်ဆရာတော် ဥူးဝိမလသာရရဲ့ ခိုင်းစေမှုနဲ့ ပေါက်ပြားနဲ့ ပေါက်လိုက်ချိန်မှာ တွေ့ရှိခဲ့တာပါ။
ဒေသခံတဦးက “ဒီနေ့မနက်ပိုင်းမှာ တွေ့တာ၊ ဘုရားတည်ဖို့ အဲဒီနားက အုတ်ဂူကိုဖျက်တာ၊ ပေါက်ပြားနဲ့ ပေါက်လိုက်တဲ့အချိန်မှာ တွေ့တာလို့ ပြောတယ်၊ ခုတော့ တာဝန်ရှိသူတွေ လာစစ်ဆေးနေတယ်၊ အနားတော့ အကပ်မခံလို့ သေချာမတွေ့ခဲ့ရဘူး”လို့ ပြောပါတယ်။
တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးထွန်းရွှေက “သံချေးတက်နေတဲ့ ခြောက်လုံးပြူးနဲ့ လက်ပစ်ဗုံး တွေ့တယ်လို့ သိရပါတယ်။ အဲဒီမှာ ဘယ်လို ရောက်နေတယ်ဆိုတာကိုတော့ စုံစမ်းနေတုန်းပါ။ သံချေးတက်နေလို့ သုံးမရတော့ပေမယ့် အန္တရာယ်ရှိနိုင်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို သတင်းပို့ပေးတာ ကောင်းပါတယ်” လို့ ပြောပါတယ်။
တွေ့ရှိခဲ့တဲ့ သေနတ် ၁ လက်နဲ့ လက်ပစ်ဗုံး ၁ လုံးကို တာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်နေပြီး ကွင်းကောက်က အမှတ်-၅ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ အိုင်သပြုနယ်မြေရဲစခန်းက သိရပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)
Crd : DVB TV News

0 comments:

Post a Comment