Tuesday, February 4, 2020

ကိုရိုနာဗိုင်းရပ်စ်သတင်းများ အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်မှု

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီလ (၅)ရက်နေ့မနက်အထိ သေဆုံးသူ ငါးရာနီးပါး (၄၉၂ ယောက်) ရှိသလို ကုသပျောက်ကင်းသွားသူလဲ ကိုးရာလောက် (၉၁၁ ယောက်) ရှိနေပါပြီ။ တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ (၄)ရက်မှာ သေဆုံးသူ ၆၆ယောက်တိုးလာခဲ့တဲ့အတွက် သေဆုံးသူ ၄၉၂ ယောက်ရှိလာပြီး ကူးစက်ခံရသူလူနာ (၂၄၅၄၉) ယောက် အတည်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၄ရက်နေ့အထိ သံသယလူနာ (၂)ယောက်အပါအဝင် လူနာ (၈)ယောက်ကို ရန်ကုန် ဝေဘာဂီ အထူးကုဆေးရုံ၊ လွိုင်ကော်ပြည်သူ့ဆေးရုံ၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၊ နမ္မတူပြည်သူ့ဆေးရုံ၊ မင်းပြားပြည်သူ့ဆေးရုံ၊ နေပြည်တော် ကုတင်(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးနဲ့ တောင်ကြီးစဝ်စံထွန်းဆေးရုံကြီးတွေမှာ ကုသပေးနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန CDC ကနေ တရားဝင်သတင်းထုတ်ပြန်ပါတယ်။ ဒီအထဲမှာ လှိုင်သာယာဆေးရုံကို ကိုယ်တိုင်ကားမောင်းပြီးရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား အသက်(၃၂)နှစ်အရွယ် အမျိုးသား(၁)ဦးကတော့ ဖေဖော်ဝါရီ(၃)ရက်နေ့က ဝေဘာဂီ အထူးကုဆေးရုံကို လွှဲပြောင်းခဲ့ပြီး အဖျားတက်လာလို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးနေတယ်လို့ CDC သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

0 comments:

Post a Comment