Wednesday, September 4, 2019

ထိုင်းနိုင်ငံ ရှေ့နေများအသင်း အပါအဝင် ညီနောင်ရှေ့နေအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဝင်းနှင့်ဇော် လွတ်မြောက်ရေး ကြိုးပမ်းမည်

ထိုင်းနိုင်ငံ ရှေ့နေအသင်း အပါအဝင် ရှေ့နေအဖွဲ့အစည်း ခြောက်ဖွဲ့နှင့် ချိတ်ဆက်၍ သေဒဏ် ချမှတ်ခံထားရသည့် မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနှင့် ဇော်လင်း လွတ်မြောက်ရေး ကြိုးပမ်းမည်ဟု မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက ကြေညာချက် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရှေ့နေအသင်း၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၊ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေ အထောက်အကူပြုသူများအဖွဲ့၊ မြန်မာနိုင်ငံ မီဒီယာရှေ့နေများကွန်ရက်၊ ရန်ကုန်ရှေ့နေကြီးများအသင်း၊ ထိုင်းနိုင်ငံ ရှေ့နေများအသင်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ထိုင်းမှာ အခု အကူအညီပေးနေတဲ့ ထိုင်းရှေ့နေတွေ ရှိတယ်။ မြန်မာနိုင်ငံက ရှေ့နေအသင်းတွေကလည်း အသံတွေ များများ ထွက်ရမှာပေါ့။ ဥပဒေ လောကသားတွေ တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေး လုပ်နေတဲ့သူတွေ အနေနဲ့ကတော့ ဒီသေဒဏ်ကြီးကို မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆို ဒီသေဒဏ်က ဒီကလေးတွေအတွက် တရားမျှတမှု မရှိဘူးလို့ ထင်လို့ပါ”ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း အတွင်းရေးမှူး (၂) တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။
မြန်မာနိုင်ငံအစိုးရ အနေဖြင့်လည်း ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အတွက် ထိုင်းဘုရင်မင်းမြတ် ရုံးတော်နှင့် ဆက်သွယ် ဆောင်ရွက်ရန် တိုက်တွန်းကြောင်းနှင့် အယူခံပယ်ချခံရပြီး သေဒဏ် အတည်ပြုခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ် ခံထားရသော မြန်မာအလုပ်သမားနှစ်ဦး၏ အယူခံကို ထိုင်းဗဟိုတရားရုံးက သြဂုတ် ၂၉ ရက်တွင် ပယ်ချခဲ့ပြီး သေဒဏ်ချမှတ်ခြင်းကို ဆက်လက် အတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးက အယူခံပယ်ချခဲ့ခြင်း ဖြစ်သည့်အတွက် မြန်မာအလုပ်သမားများဖြစ်သည့် ဝင်းဇော်ထွန်း နှင့် ဇော်လင်းတို့၏ သေဒဏ်ပြစ်ဒဏ်မှ လွတ်မြောက်ရေးမှာ ထိုင်းဘုရင်မင်းမြတ်ဆီ အသနားခံစာ တင်သွင်းရန်သာ ကျန်ရှိတော့သည်။
ဝင်းနှင့် ဇော် လွတ်မြောက်ရေး ကူညီဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲများက လမ်းညွှန်ထားပြီး ထိုင်းဘုရင်ဆီ အသနားခံစာ တင်သွင်းရန် စီစဉ်လျက်ရှိသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာ ၂ ရက်က ပြောကြားထားသည်။
ထို့ပြင် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိ အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ရင်းနှီးမှုကို ထောက်ထားပြီး ဝင်းနှင့် ဇော်ကို သက်ညှာပေးရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုချန်အိုချာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စက်တင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။   

Eleven Media Group

0 comments:

Post a Comment