Thursday, September 5, 2019

ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြားမှ အကျပ်အတည်း ညှိနှိုင်းမှုပြုလုပ်ရန်သာ လိုအပ်၊ တိုင်းပြည်စီးပွားရေး ထိခိုက်သည်အထိ အဖြစ်ခံမည်မဟုတ်ဟု ကျွမ်းကျင်သူများ သုံးသပ်

Image may contain: sky and outdoor

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းဘဏ်များမှ ချေးယူထားသည့် ငွေကြေးများအား ပေးချေရမည့် လထက် များစွာနောက်ကျသည်အထိ ပေးဆပ်ခြင်းမရှိခြင်းကြောင့် ဗဟိုဘဏ်အနေဖြင့် ညှိနှိုင်းရမည့် အဆင့်ထက်ကျော်လွန်လာနေသည့်အတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပြီဖြစ်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌမှ ပြောကြားထားခြင်းသည် ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပြဿနာတရပ်အနေဖြင့် ရှုမြင်၍မရကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်ပညာရှင်တဦးဖြစ်သည့် ဦးရဲမင်းဦးက ပြောသည်။

''အဲဒါက ပြဿနာမဟုတ်ပါဘူး၊ ကျွန်တော်တို့ ဘဏ်တွေက ဘတ်ဂျက်နှစ်ကုန်ရင် အတိုးတွေကို အကုန် တောင်းရတယ်၊ ဒါမှအရှုံးအမြတ်စာရင်းထဲမှာ ပေါ်မှာလေ၊ ဒါက ဘဏ်တွေရဲ့ နှစ်စဉ် လုပ်နေတဲ့အလုပ်ပါ၊ ဒါကို လုပ်ငန်းရှင်တချို့က သတင်းစာရှင်းလင်းပွဲလိုလုပ်တာတို့၊ အသင်းထောင်တာတို့ လုပ်တာတော့ သူတို့ရဲ့ သဘောပေါ့နော်၊ အတိုးပေးတယ် မပေးဘူးရယ်နဲ့ ပြန်ဆပ်တယ် မဆပ်ဘူးရယ်က လူတိုင်းမဟုတ်ဘူးဗျ၊ ဒါက လူ့သဘာဝပဲ ပေးတဲ့သူလည်းရှိတယ်၊ မပေးတဲ့သူတွေလည်း ရှိတာပါပဲ၊ မပေးတဲ့သူတွေကို ကျွန်တော်တို့က ပထမအကြိမ်မှာ ဖုန်းဆက်ပြီးတောင်းတယ်၊ ဒုတိယအကြိမ်မှာ ရှေ့နေရဲ့ နို့တစ်စာပို့တယ်၊ သိပ် လွန်လာရင်တော့ တရားစွဲတာထိလုပ်မှာပေါ့၊ ဒါကလည်း ဘဏ်တွေရဲ့ လုပ်ရိုးလုပ်စဉ်တခုပါပဲ''ဟု ဦးရဲမင်းဦးက ဆက်ပြောသည်။
လက်ရှိအချိန်သည် စီးပွားရေးကျဆင်းနေသည့်အချိန်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ်များမှ ချေးယူထားသော ချေးငွေများအား အမြန်ဆုံး ပြန်ပေးဆပ်ရန် ညွှန်ကြားလာမှုသည် ပြည်တွင်းစီးပွား ရေးလုပ်ငန်းရှင်များအတွက် များစွာထိခိုက်စေနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းသည့် အခမ်းအနား၌ ပြောကြားထားသည်။
''ဒါတွေကို ဗဟိုဘဏ်အနေနဲ့ ညှိနှိုင်းပေးမှာပါ။ ဘဏ်တခုချင်းစီအလိုက် ညှိနှိုင်းပေးမှာပါ၊ အဲဒါကိုလည်း ညှိနှိုင်း ပေးဖို့လိုတယ်လေ၊ သူတို့က ဥပဒေကို ဖောက်ဖျက်တာက ဖောက်ဖျက်တာပဲ။ ဖောက်ဖျက်တာကို အကြာကြီး သည်းခံလာတာလည်း များပြီ၊ ဖောက်ဖျက်ခံရတာ လေးငါးခု၊ ဘဏ်တွေက အများကြီးရှိတာ၊ လေးငါးခုကိုပဲ ညှိပေးမှာပါ၊ ဘယ်လိုမှ တိုင်းပြည်ကို ထိခိုက်အောင်ထိတော့ အဖြစ်ခံမှာ မဟုတ်ပါဘူး၊ တခုတော့ ရှိတာပေါ့။ မှန်မှန်ကန်ကန်လည်းဖြစ်ရမယ် နိုင်ငံတော်ကိုလည်း မထိခိုက်စေရဘူး၊ သူတို့က အကြွေးမဆပ်တာတွေများတဲ့ အခါ သူတို့ဘယ်လိုပြန်ဆပ်လာနိုင်မလဲဆိုတဲ့နည်းကို စဉ်းစားပြီး နှစ်လျော့ပေးတာမျိုးနဲ့လုပ်ပေးရင် သူတို့လည်း အသက်ရှုချောင်မယ်၊ ဒါက ဒီလောက်ကြီး သက်ရောက်မှု မရှိနိုင်ပါဘူး၊ နောက်ဆို နိုင်ငံခြားဘဏ်တွေလည်း ဝင်လာတော့မှာဆိုတော့ ကောင်းလာမှာပါ၊ ဒါက ခဏတဖြုတ် အခက်အခဲလေးလို့ပဲ မြင်ပါတယ်''ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်ပညာရှင်တဦးကလည်း ပြောသည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် အများစုသည်ဘဏ်များမှ အပေါင်ပစ္စည်းများထားရှိကာ ချေးငွေရယူ၍ ငွေကြေး လည်ပတ်လုပ်ကိုင်လျက်ရှိနေကာ၊ အတိုးပေးဆပ်ခြင်းမရှိသည့် လုပ်ငန်းရှင်များနှင့် အတိုး၊ အရင်းပေါင်း ပြန်လည်ပေးဆပ်ရမည့် ကာလထက် ကျော်လွန်နေကြသည့် လုပ်ငန်းရှင်များလည်းရှိနေကြောင်း သိရသည်။
ဗဟိုဘဏ်ဒုဥက္ကဋ္ဌအနေဖြင့် သြဂုတ် ၂၇ ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားမှုများသည် လတ်တလော ပြည်တွင်းစီးပွားရေးကဏ္ဍအား ထိခိုက်စေနိုင်သည်ဟု သတင်းများထွက်ပေါ်လာသည့်အတွက် ဗဟိုဘဏ်အနေဖြင့် ဘဏ်များအား ကူညီထောက်ပံ့မှုများ ပြုလုပ်နေပြီး ပြည်သူများအနေဖြင့်လည်း ဘဏ်လုပ်ငန်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိကြရန် စက်တင်ဘာ ၂ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရားထုတ်ပြန်ကြေညာထားသည်။
''ကျွန်တော်တို့ စီးပွားရေးသမားတွေနဲ့ ဘဏ်တွေဆိုတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် လင်မယားလိုပါပဲ။ အခုလည်း ဘာပြဿနာမှ ကြီးကြီးမားမား မရှိဘူးလို့လည်း မြင်ပါတယ်၊ ကျွန်တော် လူမှုကွန်ရက်စာမျက်နှာပေါ် ဖတ်လိုက်ရတာတခုက ဘဏ်တွေဆီကနေ အပ်ထားတဲ့ငွေတွေကို အပ်ထားတဲ့သူတွေ ပြန်ထုတ် နေကြတယ်ဆိုပြီး ဒါတော့သိပ်မဖြစ်နိုင်ဘူးလို့တော့ မြင်တယ်၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ ဘဏ်တွေကြား ပြဿနာကြီးကြီးမားမား ပေါ်လာရင် ဗဟိုဘဏ်က အဓိက ဝင်ထိန်းပေးမှာပါ၊ ကျွန်တော်တို့ နားလည် သလောက်ဆိုလည်း ဗဟိုဘဏ်က ဒါတွေကို ထိန်းကျောင်းဖို့ အဓိက တာဝန်ရှိတယ်လို့ မြင်တယ်''ဟု စက်မှုဇုန်လုပ်ငန်းရှင် ဦးကျော်စွာလင်းက ပြောသည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ်များမှ ကျပ် ၂၄၂၂၆ ဘီလီယံကျော် ချေးယူထားကာ ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် ဘဏ်များတွင် အပ်ငွေပမာဏ ကျပ်ဘီလီယံ ၄၂၉ဝဝ ကျော်ရှိခြင်းကြောင့် ချေးငွေပမာဏ စုစုပေါင်းသည် အပ်ငွေ၏ ၅ဝ ရာခိုင်နှုန်းကျော်ရှိနေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျော်ဝေမင်း

0 comments:

Post a Comment